ယူကရိန်းက ၃ ရက်အတွင်း ရုရှား သင်္ဘော ၂၁ စီးကို မောင်းသူမဲ့ ယာဉ်များဖြင့် တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။
ယူကရိန်း ဒရုန်းတွေက ၃ ရက်အတွင်း ရုရှား သင်္ဘော ၂၁ စီးကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်း မောင်းသူမဲ့စနစ်များတပ်ဖွဲ့ (Unmanned Systems Forces) တပ်မှူး ရောဘတ် “မက်ဒီယာ” ဘရော့ဗ်ဒီ (Robert “Madyar” Brovdi) က ပြောသည်။
ရုရှား သိမ်းပိုက်ထားသည့် ခရိုင်းမီးယားသို့ ထောက်ပံ့ရေး လမ်းကြောင်း ဖြစ်သည့် အာဇော့ဗ်ပင်လယ်အတွင်းရှိ ရုရှားအလံစိုက် သင်္ဘော ၂၁ စီးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပထမ နှစ်ရက်အတွင်း တိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ခဲ့ပြီး နောက်ဆုံးတရက်တွင် မောင်းသူမဲ့ လေယာဉ်များဖြင့် ရုရှားစက်သုံးဆီတင် သင်္ဘော ၉ စီးကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မက်ဒီယာက ကြေညာခဲ့သည်။
တိုက်ခိုက်ခံရသည့်အထဲတွင် ကူးတို့သင်္ဘော ၁ စီး၊ ကုန်ခြောက်တင်သင်္ဘော ၁ စီးနှင့် စက်သုံးဆီတင်သင်္ဘော ၁၉ စီး ပါဝင်ကြောင်း ယူကရိန်းတပ်မှူးက ပြောကြားခဲ့သည်။
ရေကြောင်းလုံခြုံရေးအဖွဲ့အစည်း Ambrey က ပင်လယ်ပြင်စစ်ပွဲ ဆင်နွှဲမှုပုံစံ အပြောင်းအလဲ တစ်ခု ဖြစ်လာတာကို မြင်နေရသည်ဟု ပြောသညည်။
မက်ဒီယာသည် တိုက်ခိုက်ခံရသည့် သင်္ဘောများအနက် ၈ စီး၏ အမည်များကို ထုတ်ဖော်ပြောကြားခဲ့သည်။
· ၂၀၁၁ ခုနှစ်တွင် တည်ဆောက်ခဲ့သော တန် ၇,၁၀၀ အလေးချိန်ရှိ စက်သုံးဆီတင်သင်္ဘော Venus III
· ၂၀၀၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော တန် ၅,၄၂၀ အလေးချိန်ရှိ စက်သုံးဆီတင်သင်္ဘော Sanar-1
· ၂၀၁၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော တန် ၇,၀၀၀ အလေးချိန်ရှိ စက်သုံးဆီတင်သင်္ဘော Sanar-17
· ၂၀၁၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သော တန် ၇,၅၀၀ အလေးချိန်ရှိ စက်သုံးဆီတင်သင်္ဘော Teti
· ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့သော တန် ၇,၀၁၃ အလေးချိန်ရှိ စက်သုံးဆီတင်သင်္ဘော Aleksey Savrasov
· ၂၀၁၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သော တန် ၇,၅၀၀ အလေးချိန်ရှိ စက်သုံးဆီတင်သင်္ဘော Penelope
· ၂၀၀၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော တန် ၅,၆၀၀ အလေးချိန်ရှိ စက်သုံးဆီတင်သင်္ဘော Climene
· ၂၀၀၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော တန် ၁,၆၃၅ အလေးချိန်ရှိ သဲစုတ်သင်္ဘော Ivan Cheremisinov
·
ဖော်ပြပါ သင်္ဘောအများစုသည် ရုရှားရေနံ သယ်ယူပို့ဆောင်မှုကြောင့် ယူကရိန်း၊ ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန်အပါအဝင် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှု ခံထားရသော သင်္ဘောများ သို့မဟုတ် ထိုသို့ ပိတ်ဆို့ခံထားရသော ကုမ္ပဏီများအတွက် ပြေးဆွဲနေသည့် သင်္ဘောများ ဖြစ်ကြသည်။
ယခုကဲ့သို့ အခြေအနေများတွင် ရုရှား၏ လက်တုံ့ပြန်မှုသည် ပုံမှန်အားဖြင့် ၂ ရက်မှ ၅ ရက်အတွင်း ဖြစ်ပွားလေ့ရှိကြောင်း လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်အဖွဲ့က သတိပေးထားသည်။