သင်တန်းဆရာ ခုန်ချသွားသော လေယာဉ်ကို သင်တန်းသူက တစ်ဦးတည်းဆင်းသက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။ 

အာဂျင်တီးနားတွင် လေယာဉ်မောင်းသင်တန်းဆရာ ကောင်းကင်ယံ၌ လေယာဉ်ပေါ်မှ ခုန်ချအဆုံးစီရင် အာဂျင်တီးနားနိုင်ငံ၌ လေယာဉ်မောင်းသင်တန်းဆရာတစ်ဦးသည် လေ့ကျင့်မောင်းနှင်နေစဉ်အတွင်း လေယာဉ်တံခါးကိုဖွင့်၍ အောက်သို့ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ 

ယင်းကြောင့် အတူလိုက်ပါလာသည့် အမောင်းသင်ကျောင်းသူက လေယာဉ်ကို တစ်ဦးတည်း ပြန်လည်ဆင်းသက်ခဲ့ရသည်။

ဖြစ်စဉ်မှာ အာဂျင်တီးနားနိုင်ငံ ကောင်းကင်ယံ၌ လေယာဉ်ငယ်တစ်စီးဖြင့် လေ့ကျင့်ပျံသန်းနေစဉ် အသက် ၄၂ နှစ် အရွယ်ရှိ လေယာဉ်မောင်းသင်တန်းဆရာ ဘာတက်ဇိုက ဘေးနားရှိ အသက် ၂၂ နှစ်အရွယ် ကျောင်းသူထံသို့ ရုတ်တရက်လှည့်၍ “မင်း ဘာလုပ်ရမလဲ သိတယ်မဟုတ်လား၊ ဆက်မောင်းတော့” ဟု ပြောကြားခဲ့သည်။ 

ထို့နောက် ၎င်းသည် နားကြပ်ကိုချွတ်၊ ထိုင်ခုံခါးပတ်ကိုဖြုတ်ကာ တစ်နာရီလျှင် မိုင် ၁၂၀ ကျော်နှုန်းဖြင့် ပျံသန်းနေသည့် လေယာဉ်၏တံခါးကို အတင်းတွန်းဖွင့်၍ ကောင်းကင်ယံမှ ခုန်ချသွားခဲ့ခြင်း ဖြစ်သည်။

ရိုစာရီယို (Rosario) အမည်ရှိ အဆိုပါကျောင်းသူသည် လေယာဉ်မောင်းလိုင်စင် ရရှိထားပြီးသူ ဖြစ်သဖြင့် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း လေယာဉ်ကို လေဆိပ်သို့ ဘေးကင်းစွာ ဆက်လက်မောင်းနှင် ဆင်းသက်နိုင်ခဲ့သည်။ 

သေဆုံးသူ သင်တန်းဆရာ ဘာတက်ဇို၏ ရုပ်အလောင်းကိုမူ လေယာဉ်ဖြင့် လိုက်လံရှာဖွေခဲ့ပြီးနောက် ကျေးလက်ဒေသတစ်ခု၌ ပြန်လည်တွေ့ရှိခဲ့သည်။ 

စုံစမ်းစစ်ဆေးချက်များအရ ၎င်းသည် စိတ်ကျန်းမာရေးကုသမှု ခံယူနေရသူဖြစ်ပြီး ယင်းအချက်ကို လေယာဉ်ကျောင်းရှိ တာဝန်ရှိသူများထံ အကြောင်းကြားထားခြင်း မရှိခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် အာဂျင်တီးနား ဖက်ဒရယ်တရားရုံးက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။