ချင်းတောင်မှတဆင့် ရခိုင်သို့ စစ်အုပ်စု စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ (၂၄) မှ စစ်အုပ်စုတပ်သား အင်အား ၆၀၀ ကျော်သည် ရိက္ခာနှင့် လက်နက် ခဲယမ်းများ တင်ဆောင်လျက် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ချင်းပြည်နယ်မှတစ်ဆင့် ရခိုင်ရိုးမသို့ ထိုးစစ်ဆင်ရန် ချီတက်လာနေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါစစ်ကြောင်းများ၏ အင်အားတစ်ဝက်ခန့်မှာ ချင်းတောင်တန်းများမှ တစ်ဆင့် ရခိုင်ရိုးမသို့ အင်အား ဖြည့်တင်းသွားမည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကြောင်း၏ ချီတက်မည့် အစီအစဉ်နှင့် ပတ်သက်၍ “မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်တွေမှာ အင်အား တစ်ဝက်ထားမယ်။ ရခိုင်ကို အင်အား ၂၀၀ တက်မယ်၊ ဒါစစ်ကြောင်းမှာ လိုက်နေတဲ့ ပေါ်တာသမား တွေက ပြောတာပါ။ စေတုတ္တရာ၊ ငဖဲ၊ မင်းတုန်းဘက်နဲ့ ချိန်ပြီး အချိန်ကိုက်ရခိုင်ကိုတက်မယ်လို့ သူတို့ပြော ထားတယ်။ မင်းတပ်မရောက်ခင် ချင်းတောင်တန်းတစ်ခုကျော်တာနဲ့ ရခိုင်ပဲလေ၊ အဲ့တောင်တန်းတွေမှာ အေအေနဲ့ ချင်းတပ်တွေ လှုပ်ရှားနေတော့ အခုအင်အားဖြည့်တာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပထမစစ်ကြောင်းသည် အင်အား ၄၀၀ ခန့်ဖြင့် ၁၀ ဘီးကားတစ်စီး၊ စစ်ကားကြီး ၅ စီးတို့ဖြင့် ပေါက်ကပစ (၂၄) ၏ အနောက်ဘက်မှတစ်ဆင့် ပလောင်းရွာကို ဖြတ်ကျော်ကာ ချီတက်လျက်ရှိသည်။
ဒုတိယစစ်ကြောင်းမှာမူ အင်အား ၂၀၀ ခန့်ဖြင့် ကား ၄ စီးခန့်ပါဝင်ပြီး ပေါက်မြို့နယ် အနောက်မြောက်ပိုင်း ထန်းပင်ချောင်းကျေးရွာကိုဖြတ်၍ ပုံတောင်ခြေရင်းရှိ ရေဖြူကျေးရွာသို့ ဝင်ရောက်နေပြီဖြစ်သည်။
အာရက္ခတပ်တော် AA နှင့် နီးစပ်သူတစ်ဦးက “ချင်းတောင်ကတစ်ဆင့် ရခိုင်ကို လာမယ်ဆိုတာ သတင်းရထား ပြီးသားပါ။ မကွေးတိုင်းထဲရှိ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် တိုက်ရိုက်ထိစပ်နေတဲ့ စေတုတ္တရာ၊ ငဖဲ၊ မင်းတုန်း ဘက်ကို ဒီစစ်ကြောင်းက အင်အားတွေရောက်မယ်၊ အဲ့ကတစ်ဆင့် ရခိုင်ရိုးမကိုဖြန့်ပြီး အခုရက်ပိုင်း လာမယ်လို့ သိရပါတယ်” ဟု ပြောသည်။
ဒုတိယစစ်ကြောင်းအနေဖြင့် ရေဖြူကျေးရွာမှ တစ်ဆင့် ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာအရှေ့ဘက်ရှိ ပုံတောင် နတ်ထိပ် စစ်အုပ်စု ကာကင်းစခန်းသို့ ဦးတည်သွားရောက်ရန် ပြင်ဆင်နေကြောင်းနှင့် ကျင်းရွာဘက်သို့ ဝင်ရောက်ကာ ရခိုင်ရိုးမသို့ စုပေါင်းထိုးစစ်ဆင်ရန် စီစဉ်ထားကြောင်း ဆိုသည်။
ထို့ပြင် မကွေးတိုင်းအနောက်ခြမ်း၊ စလင်းမြို့နယ်အခြေစိုက် ခလရ (၂၅၃၊ ၂၅၄၊ ၂၅၅) တပ်ရင်းသုံးခုမှ ပြည်သူ့စစ်မှုထမ်းများအပါအဝင် အင်အား ၃၅၀ ခန့်သည်လည်း ယောဒေသ၊ လောင်းရှည်မြို့မှတစ်ဆင့် ကန်ပက်လက်သို့ ချီတက်လျက်ရှိသည်။
အဆိုပါစစ်ကြောင်းများမှာ ချင်းနှင့်ရခိုင်ရိုးမသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာနိုင်သဖြင့် စစ်ကြောင်း ဖြတ်သန်းရာလမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအနေဖြင့် ကြိုတင်သတိထား သွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။