ဧရာဝတီတိုင်းရှိ ပြည်သူ့စစ်များကို ရှေ့တန်းပို့ရန် စစ်တပ်စီစဉ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
ဧရာဝတီတိုင်းအတွင်းရှိ ဌာနေပြည်သူ့စစ်များကို ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ ကရင်နှင့် စစ်ကိုင်းတိုင်း စသည့် တိုက်ပွဲ ပြင်းထန်နေသော ဒေသများသို့ အလှည့်ကျ စေလွှတ်ရန် စစ်တပ်က စီစဉ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
လက်ရှိတွင် စစ်တပ်၌ တပ်အင်အား လိုအပ်ချက် ကြီးမားနေသဖြင့် ရပ်ရွာလုံခြုံရေးအတွက်ဟု အမည်ခံကာ ဖွဲ့စည်းထားသော ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များကိုပါ လက်နက်တပ်ဆင်ပေး၍ ရှေ့တန်းစစ်မျက်နှာပြင်များသို့ စေလွှတ်နေခြင်း ဖြစ်သည်။
ထိုသို့ ရှေ့တန်းသို့ စေလွှတ်မှုကို ၂၀၂၆ ခုနှစ်၊ ဧပြီလကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုလပိုင်းအတွင်း ပိုမိုတွန်းအားပေး လုပ်ဆောင်လာခြင်း ဖြစ်သည်။
ဒေသခံစစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက “ဒီရက်ပိုင်း ဌာနေပြည်သူ့စစ်တွေ လက်နက်တပ်ဆင်ပွဲအပြီးမှာ ပြည်သူ့စစ်တွေနဲ့ ရဲတွေကို ရှေ့တန်းလွှတ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာတာပါ။ အမှန်တော့ ဧပြီလလောက် ကတည်းက ပြည်သူ့စစ်တွေကို ရှေ့တန်းလွှတ်တာတွေရှိလို့ ထွက်ပြေးတာတွေ၊ လက်နက်မယူဘဲ ရှောင်နေတာ တွေရှိတယ်။ အခုရက်ပိုင်း ငွေသောင်ယံ လက်နက်တပ်ဆင်ပွဲအပြီးမှာ ပေါ်တင်လုပ်လာတာ။ စစ်မျက်နှာတွေ အကျအဆုံးများလို့ နောက်ချန်အင်အားတွေကို မဖြစ်မနေ သုံးလာတာပါ” ဟု ပြောသည်။
ပြည်သူ့စစ်များကို ရှေ့တန်းစစ်မျက်နှာများသို့ လိုက်ပါရန် အတင်းအကျပ် ဖိအားပေးခြင်း ခံနေရသည့်အပြင်၊ စစ်ကောင်စီအရာရှိများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များတွင်ပါ ခိုင်းစေခြင်း ခံနေရသဖြင့် ဧရာဝတီတိုင်း အတွင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များအကြား စိတ်ပျက်မကျေနပ်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိသည်။
စစ်တပ်သည် စစ်မှုထမ်းတပ်သားသစ်များကို တိုက်ပွဲပြင်းထန်ရာ ဒေသများသို့ စေလွှတ်ရာတွင် တပ်အင်အား မလုံလောက်မှုများနှင့် ကြုံတွေ့နေရပြီး၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တွင် နောက်ချန်တပ်အင်အား နည်းပါးလာသဖြင့် ပြည်သူ့စစ်များနှင့် ရဲတပ်ဖွဲ့ဝင်များကိုပါ ရှေ့တန်းသို့ အတင်းအကျပ် စေလွှတ်ရန် စီစဉ်လာခြင်းဖြစ်သည်။
နောက်တန်းတွင် အရန်အကူအဖြစ် ထားရှိသည့် ရဲတပ်ဖွဲ့ဝင်များကိုပါ မချန်ဘဲ ရှေ့တန်းသို့ ပို့ဆောင်နေရပြီး၊ တိုက်ပွဲအတွင်း သေဆုံးသူနှင့် ပျောက်ဆုံးသူ အရေအတွက် နေ့စဉ်နှင့်အမျှ တိုးပွားလာနေသောကြောင့် ယခင်က စစ်ထဲဝင်ရန်မလိုဟု ပြောဆိုခဲ့သော ပြည်သူ့စစ်များကိုပါ ရှေ့တန်းသို့ စေလွှတ်ရတော့မည့် အခြေအနေ ဖြစ်လာသည်ဟု ဆိုကြသည်။
ပုသိမ်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “ပြည်သူ့စစ်တွေကို စစ်တပ်နဲ့ စစ်မှုထမ်းအဖွဲ့တွေက ကိုင်တွယ် ပြီး ပူးပေါင်းလုပ်ဆောင်နေတာပါ။ စဖွဲ့တဲ့အချိန်က စစ်ထဲဝင်ဖို့မလိုဘူးလို့ ပြောခဲ့ပေမယ့် လက်ရှိ မြေပြင် အခြေအနေအရ စစ်မှုထမ်း ကိုယ်တိုင်ထမ်းရမယ်ဆိုပြီး ခေါ်နေတာရှိပါတယ်။ အများအားဖြင့်တော့ ရွာ တစ်ရွာမှာ ပြည်သူ့စစ် ၃၀ နှုန်းရှိတယ်။ စစ်တပ်မှာစာရင်းရှိတယ်။ သူတို့ကို အခါအားလျော်စွာပေါ့ ထောက်ပံ့ ပေးခဲ့တာလည်းရှိတယ်။ ယူနီဖောင်းနဲ့ လက်နက်ပေးထားတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်း ကျေးရွာတစ်ရွာလျှင် လူ ၃၀ ဝန်းကျင်ဖြင့် ပြည်သူ့စစ်ကို စည်းရုံးဖွဲ့စည်းခဲ့ကာ၊ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့မှစတင်၍ မြို့နယ်အလိုက် ပြည်သူ့စစ် ‘ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ မတက်မနေရ လူငယ်မွမ်းမံသင်တန်း’ ကို ရက်သတ္တပတ် ၄ ပတ်ကြာ ပို့ချခဲ့သည်။
လက်ရှိတွင် နတခ နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များကို အခြား တိုင်းနှင့် ပြည်နယ်များရှိ စစ်မျက်နှာများသို့ တပ်ကူအဖြစ် စေလွှတ်နေရသည့်အပြင်၊ ဧရာဝတီ စစ်မျက်နှာ တွင်လည်း အကျအဆုံးများပြီး နောက်တန်းသို့ ပြန်လည်ရောက်ရှိလာသူ နည်းပါးသဖြင့် နောက်ချန်တပ်အင်အား များစွာ လိုအပ်လျက်ရှိသည်။
စစ်တပ်သည် ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းတစ်ပတ်စဉ်လျှင် တပ်သားသစ်အင်အား ၉၀၀ ဝန်းကျင် ရရှိစေရန်အတွက် ညဘက်များတွင် လိုက်လံဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းနည်းလမ်းများဖြင့် အတင်းအကျပ် စုဆောင်းနေပြီး၊ ဖမ်းဆီးရမိသည့် လူငယ်များကို အခြားတိုင်းများသို့ စစ်မှုထမ်းတပ်သားသစ်အဖြစ် လွှဲပြောင်းပေးရာတွင် တရားမဝင် လူမှောင်ခိုရောင်းချမှုများပါ ရှိနေသည်။
စစ်တပ်အနေဖြင့် နည်းလမ်းမျိုးစုံဖြင့် တပ်သားသစ်အင်အား ဖြည့်တင်းလာခဲ့သည်မှာ ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၂၆ အထိ ရောက်ရှိလာပြီဖြစ်သည်။