ULA/AA နှင့် SCEF တို့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေး
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သည် စစ်တပ်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးထားပြီးဖြစ်သလို ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA – ကိုးကန့်တပ်) တို့သည်လည်း လာမည့် ဩဂုတ်လအတွင်း နေပြည်တော်သို့ သွားရောက်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ရှိနေသည်။
ထိုသို့သော အခြေအနေများအကြား ဇူလိုင်လ ၂၃ ရက်နေ့က ULA/AA နှင့် SCEF တို့ တစ်နာရီကျော်ကြာ အွန်လိုင်းမှ တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် ရခိုင်ဒေသတွင်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ULA/AA၊ TNLA နှင့် MNDAA တို့မှာ မြောက်ပိုင်း ညီနော် မဟာမိတ်အဖွဲ့အဖြစ် စုဖွဲ့ထားသည့် အဖွဲ့များ ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး သိရှိထားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဒါကတော့ SCEF ရဲ့ အေ အေနဲ့ ပထမဆုံး တွေ့ဆုံမှုပါ၊ သိကြတဲ့အတိုင်း တစ်ဘက်မှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ခွဲထုတ် ဆွေးနွေးဖို့ လုပ်နေတဲ့အချိန် ဒီလိုအင်အားကြီးတဲ့ အေအေနဲ့ တွေ့ဆုံခဲ့တာပါ၊ ရှေ့ဆက်လုပ်ဆောင်မှာတွေကို ဆွေးနွေးခဲ့သလို အပြင်ကို မထုတ်ပြောတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေ ပါဝင်ပါတယ်” ဟု ပြောသည်။
ဆွေးနွေးပွဲသို့ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်၊ SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ အပါအဝင် နှစ်ဖက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အွန်လိုင်းတွေ့ဆုံပွဲတွင် ခူဦးရယ်နှင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က အဖွင့်အမှာစကားများ အသီးသီး ပြော ကြားခဲ့ကြပြီး လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့ဆက် အကောင်အထည်ဖော်ရမည့် နိုင်ငံရေး လုပ်ငန်းစဉ် များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ရခိုင်ပြည်တွင် ကြုံတွေ့နေရသော ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများအား လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် SCEF ၏ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ မူဝါဒများနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို ULA/AA ခေါင်း ဆောင်များထံ အသိပေးပြောကြားခဲ့ပြီးနောက် SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ယခုတွေ့ဆုံဆွေးနွေးပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင်လည်း SCEF အဖွဲ့ဝင်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာရက္ခပြည်အတွင်း ရေဘေးသင့်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များအတွက် ULA/AA ထံသို့ တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (မြန်မာငွေ ကျပ် သိန်း ၁၀၀၀ ကျော်) ကို ကနဦးအကူအညီအဖြစ် ပေးအပ်ခဲ့ပြီး ULA/AA ဘက်ကလည်း ကျေးဇူးတင် ဂုဏ် ပြုလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
NUG က အာရက္ခပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ယခုနှစ် မတ်လအတွင်း ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
SCEF သည် ULA/AA နှင့် မတွေ့ဆုံမီ ရက်ပိုင်းအတွင်းကလည်း ပအိုဝ်းတော်လှန်ရေးအင်အားစုများ၊ မွန်တော် လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အပြင် စစ်ကိုင်း၊ မကွေးနှင့် မန္တလေး ဖက်ဒရယ်ယူနစ်ဆိုင်ရာ လွှတ်တော်များနှင့် အစိုးရများကိုပါ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။