စစ်တွေမြို့နှင့် ၇ မိုင်အကွာ ရေတပ်စခန်း အနီးဝန်းကျင်တွင် AA နှင့် စစ်တပ် တိုက်ပွဲပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ် စခန်း အနီးဝန်းကျင် ကျေးရွာများတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့ အခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ရွှေမင်းဂံရေတပ်စခန်း အနီးတွင် ဇူလိုင်လ ၂၁ ရက်နေ့၊ ညပိုင်းမှစတင်ကာ ဇူလိုင်လ ၂၅ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ရေတပ်အတွင်းဘက်သို့ AA က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အနေအထားအထိ ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် အနီးအနားရှိ အဘောင်ချုတ်ကျေးရွာ၊ ပြားတိန်ချုတ်ကျေးရွာ၊ ပါဒလိပ်ကျေးရွာ၊ ကျွန်းချောင်း ကျေးရွာ၊ သင်ပုန်းတန်းကျေးရွာနှင့် တောကန်ကျေးရွာတို့တွင် တိုက်ပွဲအချို့ ဖြစ်ပွားနေခြင်း ဖြစ်သည်။
“စစ်ရေးပစ်ခတ်တာတွေဟာ ဆက်တိုက်မဟုတ်ပါဘူး၊ ငြိမ်သွားလိုက် ပြန်ပစ်လိုက် ဖြစ်နေတာပါ။ အေအေက ရွှေမင်းဂံ ရေတပ်စခန်းထဲအထိ လက်နက်ကြီးနဲ့ လှမ်း ပစ်ခဲ့တယ်လို့ သိရတယ်။ ဒီအခြေအနေမှာ အနီးအနား ကျေးရွာအနားအထိ အေအေစစ်ရေး လှုပ်ရှားလာတာ ပါ။” ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
သူက ဆက်ပြီး ”ဒီအခြေအနေမှာ စစ်တပ်က စိုးရိမ်စိတ်တွေ ရှိလာတယ်။ အင်အားတိုးတယ်၊ ရေချမ်းမြေနဲ့ ရွှေမင်းဂံရေ တပ် စခန်းအနီးမှာ စစ်ရေးလှုပ်ရှားတာတွေ တိုက်ပွဲတွေ ဖြစ်လာတာပါ” ဟု ပြောသည်။
စစ်တွေမြို့နှင့် အနီးဆုံးတွင် တည်ရှိသည့် စစ်တပ်၏ အကြီးဆုံးထောက်ပံ့ရေး ရေတပ်စခန်းဖြစ်သော ရွှေမင်းဂံ ရေတပ်အနီး ချောင်းနွယ်ကျေးရွာနှင့် ကာကင်းစခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း AA ဘက်မှ လက်နက်ကြီးများဖြင့် ရေတပ်စခန်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသလို စစ်ကောင်စီဘက်မှလည်း လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ကူများကို အမြောက်အမြား အသုံးပြု၍ ခုခံနေရသည်။
ရွှေမင်းဂံရေတပ်စခန်းနှင့် စစ်တွေမြို့သည် ၅.၅ မိုင် (၉ ကီလိုမီတာခန့်) ကွာဝေးပြီး ရေချမ်းမြေနှင့် စစ်တွေ အကြား မော်တော်ယာဉ်ဖြင့် သွားလာပါက ၆.၂ မိုင် (၁၀ ကီလိုမီတာခန့်)၊ ရေချမ်းမြေနှင့် ရွှေမင်းဂံရေတပ် စခန်းအကြား ၁၁.၃ မိုင် (၁၈ ကီလိုမီတာခန့်) အသီးသီး ကွာဝေးသည်။
စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးသို့လည်း AA က ချဉ်းကပ်ထိုးစစ်ဆင်လာနေသဖြင့် မြေပြင်၌ ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကတည်းက ရေချမ်းပြင်ဘက်တွင် ထိတွေ့တိုက်ပွဲများ စတင်ခဲ့ခြင်းကြောင့် AA က စစ်တွေမြို့နယ်အတွင်း စစ်မျက်နှာသစ်ဖွင့်ကာ ထိုးစစ်ဆင်နေ ခြင်း ဖြစ်သည်ဟု ဒေသတွင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
စစ်တပ်က ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်တွေမြို့သို့ ရေကြောင်းမှတစ်ဆင့် စစ်ကူအင်အား ၂၀၀ ခန့် ထပ်မံဖြည့် တင်းခဲ့ပြီး စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်အနီးရှိ ဝါဘိုနှင့် ခမောင်းတောကျေးရွာများဘက်သို့လည်း လက်နက်ကြီး နှင့် ဒရုန်းပစ်ခတ်မှုများကို တောက်လျှောက်လုပ်ဆောင်နေသည်။
စစ်တွေမြို့နှင့် တိုက်ပွဲများ နီးကပ်လာသဖြင့် မြို့ပတ်လည်တွင် ဘန်ကာများဆောက်လုပ်ခြင်းနှင့် အင်အားများ ဖြည့်တင်းခြင်းတို့ဖြင့် ခံစစ်ပြင်ဆင်ထားသလို မြို့တွင်း၌လည်း ကင်းလှည့်စစ်ဆေးမှုများကို တင်းကြပ်စွာ လုပ်ဆောင်လျက်ရှိပြီး အာရက္ခတပ်တော် (AA) ဘက်ကလည်း စစ်တွေမြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသည့် အနေ အထားတွင် ရှိနေသည်။
ဓါတ်ပုံ – ပုံဟောင်း