ထိုင်းနိုင်ငံနွန်ထဘူရီ၌ နောက်တကြိမ် သေနတ်ပစ်မှု ဖြစ်ပွား 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်။ 

စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံတွင်ရှိနေစဉ် သေနတ်ပစ်မှု ဖြစ်ပွားခဲ့သည့် နွန်ထဘူရီ Nonthaburi မြို့တွင် ယနေ့ နံနက်ပိုင်းက သေနတ်ပစ်ခတ်မှု နောက်တကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။ 

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင် အစိုးရရုံးဝင်းအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၁၀ ရက်၊ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  

နွန်ထဘူရီခရိုင် PAO ဥက္ကဋ္ဌ ရဲမှူးကြီး ထောင်ချိုင်း ယန်ပရာဆတ် (Pol Col Thongchai Yenprasert) နှင့် ၎င်း၏ ယာဉ်မောင်းဖြစ်သူတို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု Khaosod သတင်းတွင် ဖော်ပြသည်။ 

ဖြစ်စဉ်မှာ PAO ဥက္ကဋ္ဌ ရဲမှူးကြီး ထောင်ချိုင်းသည် ရုံးဝင်းအတွင်းမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာရန် ပြင်ဆင်နေစဉ် နွန်သဘူရီခရိုင် လွှတ်တော်အမတ်ဟောင်း ဖြစ်သူ ချလောင် ရီယောင်ဝမ် (Chalong Riaowrang) က မော်တော်ယာဉ်အနီးသို့ လာရောက်၍ မှန်တံခါးကို ခေါက်ခဲ့ခြင်းဖြစ်သည်။ 

၎င်းနောက် စကားပြောဆိုရန် မှန်တံခါးအောက်သို့ လျှော့ချပေးစဉ် လွှတ်တော်အမတ်ဟောင်း ချလောင်မှ သေနတ်ဖြင့် အနီးကပ် စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် PAO ဥက္ကဋ္ဌ ရဲမှူးကြီး ထောင်ချိုင်းတွင် အသက်အန္တရာယ် ရှိနိုင်သော နေရာ ၄ ခုတွင် သေနတ်ဒဏ်ရာများ ရခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာလည်း ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ 

ဖြစ်စဉ်ဖြစ်ပွားပြီးသည်နှင့် အနီးစပ်ဆုံး ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ် ရှေးဦးပြုစုခြင်း (CPR) များ ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူ နှစ်ဦးလုံးအား ဖြာနန်းကလောင်း (Phra Nang Klao) ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ဆေးကုသမှု ပေးခဲ့သည်။

ကျူးလွန်သူ လွှတ်တော်အမတ်ဟောင်း ချလောင်သည် ပစ်ခတ်ပြီးနောက် လက်နက်အား ခါးကြားသို့ ထိုးထည့်ကာ အခင်းဖြစ်ပွားရာမှ ထွက်ခွာသွားပုံကို အနီးရှိ ပြည်သူ့ကျန်းမာရေးရုံး ဝန်ထမ်းများ၏ ဗီဒီယိုမှတ်တမ်းတွင် တွေ့ရှိရသည်။ 

၎င်းနောက် ရဲစခန်းသို့ သွားရောက်ကာ အသုံးပြုခဲ့သည့် လက်နက်နှင့်တကွ ကိုယ်တိုင် လာရောက် အပ်နှံခဲ့သည်။ 

ပြစ်မှုကျူးလွန်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ကျူးလွန်သူ ချလောင်သည် ပစ်ခတ်မှုအပြီးတွင် ၎င်းတို့၏ ရုပ်သံအစီအစဉ်သို့ ဖုန်းဆက်သွယ်ခဲ့သည်ဟု သတင်းမီဒီယာ တင်ဆက်သူ အန်ဂျလီ “ဂျဲဖုန်း” ပိုင်ရီရက်ခ် (Anjalee “Jae Pong” Pairirak) က ပြောသည်။ 

ထိုသို့ ဆက်သွယ်ရာ၌ ဘတ် ၁၁ သန်း ငွေကြေးအငြင်းပွားမှုနှင့် လွှတ်တော်အမတ်လောင်း ရွေးချယ်မှုဆိုင်ရာ နိုင်ငံရေး မပြေလည်မှုများကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုဆိုသည်။ 

သို့သော်လည်း အဆိုပါ ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာ စွပ်စွဲချက်များအား သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘဲ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းအရင်းမှန်ကို အတည်ပြုနိုင်ရေးအတွက် ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။

လက်ရှိတွင် နွန်ထဘူရီခရိုင် အုပ်ချုပ်ရေးမှူး ချက်ထာ မိုဆီကာရတ် (Chettha Mosikarat) နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးပြီး သက်သေအထောက်အထားများ ကောက်ယူခြင်း၊ မျက်မြင်သက်သေများအား စစ်ဆေးမေးမြန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း Khaosod သတင်းတွင် ဖော်ပြသည်။

Photo: Police/ Wassayos Ngamkham