မကွေးတိုင်း၌ စစ်တပ် စစ်ကြောင်းများက ရွာများ မီးရှို့ပြီး ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။

မကွေးတိုင်းအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်နေသည့်အပြင် မြေပြင်တွင်ပါ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းမှစ၍ ဆော-ဆိပ်ဖြူ လမ်းပိုင်းအနီး ဆိပ်ဖြူမြို့နယ် အနောက်ခြမ်းရှိ တဲကြီး ကျေးရွာသို့ အမှတ် (၂၁) နှင့် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ဘက်မှ လာသည့် စစ်တပ်စစ်ကြောင်းက အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ်များ အပါအဝင် ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

အဆိုပါ ကပစ စက်ရုံသုံး ယာဉ်တန်းများနှင့် ရဲကွန်မန်ဒို ယာဉ်များ ပြီးခဲ့သည့်လပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး နောက် စစ်အုပ်စုတပ်က နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ စစ်ကြောင်းထိုး ဖျက်ဆီးနေ ခြင်း ဖြစ်သည်။

ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက စစ်တပ်က ဆော-ဆိပ်ဖြူ လမ်းပိုင်းတစ်လျှောက် ကို ဩဂုတ် ၁၅ ရက်တည်းက အင်အားတွေ စတင်ဖြည့်နေတာပါ။ ကပစ (၂၁)၊ (၂၂) နဲ့ လေကြောင်းရန် ကာ ကွယ်ရေးတပ်တွေဆီက စစ်ကြောင်းထိုးလာတာဖြစ်ပြီး ပြီးခဲ့တဲ့လက ကပစ ယာဉ်တန်းတွေနဲ့ ရဲကွန်မန်ဒိုတွေ မိုင်းဆွဲခံရပြီးတဲ့နောက် အခုလို နယ်မြေရှင်းလင်းရေး ဆိုပြီး ဝင်လာတာပါ ဟု ပြောသည်။

ဆိပ်ဖြူဒေသခံတစ်ဦးကလည်း ဩဂုတ် ၁၆ ရက် မနက်ပိုင်းကတည်းက တဲကြီးရွာကို စစ်တပ်စစ်ကြောင်းက ဝင်လာတာပါ။ ရွာထဲက လူငယ်တွေအပါအဝင် ရွာသား ၃၀ နီးပါးကို ဖမ်းထားတယ်၊ ရွာထဲက အိမ်တွေကို လည်း မီးရှို့ဖျက်ဆီးနေကြတာ ဟု ပြောသည်။

ထို့ပြင် ယောဒေသ ဆောမြို့နယ် သီးကုံးကျေးရွာကိုလည်း ဩဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် အသက် ၆၆ နှစ်အရွယ် ဒေါ်မြဝင်း၊ အသက် ၄၆ နှစ် အရွယ် ဒေါ်ဌေးဌေးနှင့် အသက် ၅၀ အရွယ် ဦးနန်းမြိုင်တို့ သေဆုံးခဲ့ရပြီး အခြား အရပ်သားတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆောမြို့နယ် ဒေသခံတစ်ဦးက ဆောနဲ့ လောင်းရှည်ကြားမှာ စစ်တပ်က တိုက်လေယာဉ်တွေ၊ Y-12 ထောက်ပို့ လေယာဉ်တွေတင် မကဘူး၊ ဒရုန်းတွေနဲ့ပါ နေ့စဉ်နီးပါး ဗုံးကြဲနေတာပါ။ မြေပြင်မှာလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်တော့ ရွာသားတွေ ဘယ်မှမပြေးဘေး ဘေးလွတ်ရာ တောထဲတွေမှာပဲ ပုန်းနေရတယ်။ အခုက မိုးက လည်း ဆက်တိုက်ရွာ၊ စစ်တပ်ကလည်း စစ်ကြောင်းထိုးတော့ စားစရာလည်း မရှိ၊ မိုးကာတဲလေးတွေနဲ့ ဒုက္ခ ပေါင်းစုံ ရင်ဆိုင်နေရတယ် ဟု ပြောသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် ချင်းပြည် တောင်ပိုင်း ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များကို နယ်မြေစိုးမိုးနိုင် ရေးအတွက် မကွေးတိုင်း ယောဒေသမှတစ်ဆင့် တပ်မ (၅၅)၊ (၈၈)၊ (၉၉) နှင့် (၁၀၁) တို့မှ ထုတ်နုတ်အင်အား ၂,၀၀၀ ဝန်းကျင် အသုံးပြုကာ ဆောမြို့သို့ ရှေ့ဆက်ထိုးစစ်ဆင်နေသဖြင့် ဆော-လောင်းရှည် လမ်းပိုင်းတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

မကွေးတိုင်းအတွင်း ပြီးခဲ့သည့် ဇူလိုင်လတစ်လတည်း၌ပင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၁၇ ကြိမ်အထိ ရှိခဲ့ပြီး မြို့နယ် ၆ မြို့နယ်မှ ပြည်သူ ၅၀,၈၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း တမာ ဖွံ့ဖြိုးရေး အင်စတီကျု၏ ဩဂုတ်လ ၁၅ ရက်စွဲပါ အစီရင်ခံစာအရ သိရသည်။

စစ်အုပ်စုသည် မကွေးတိုင်းထဲက မြို့နယ် ၁၂ မြို့နယ်၌ လေကြောင်းတိုက်ခိုက်မှု ၂၉၅ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက် မှု ၁၃ ကြိမ်၊ ပါရာမော်တာ/ဂျိုင်ရိုကော်ပတာတို့ဖြင့် တိုက်ခိုက်မှု ၉ ကြိမ် စသဖြင့် ဝေဟင်တိုက်ခိုက်မှု စုစုပေါင်း အကြိမ် ၃၁၇ အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ဇူလိုင်လအတွင်း မကွေးဒေသရှိ မြို့နယ် ၁၁ မြို့နယ်၌ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့ အသီးသီးတို့ ကြား ထိတွေ့တိုက်ပွဲ စုစုပေါင်း အကြိမ် ၂၀ ဖြစ်ပွားခဲ့သည်ဟု တမာ ဖွံ့ဖြိုးရေး အင်စတီကျု၏ အစီရင်ခံစာက ဆိုသည်။

လက်ရှိတွင်လည်း မကွေးတိုင်းအတွင်း၌ စစ်တပ်၏ မြေပြင်စစ်ကြောင်းထိုးမှု၊ လေကြောင်းမှ ဗုံးကြဲမှုများအပြင် မိုးကြီးရေလျှံမှုပါ ထပ်မံရင်ဆိုင်နေရသဖြင့် စစ်ဘေးရှောင် ပြည်သူများသည် စားဝတ်နေရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။

ဓါတ်ပုံ – (ပုံဟောင်း – Crd)