ကျောက်ဖြူတွင် စစ်တပ်က အင်အားဖြည့်စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲများဖြစ် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦး ရေတပ်စခန်းနှင့် အဝတောင်ကျေးရွာ စခန်းတို့မှ စစ်အုပ်စုတပ် သည် အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးလာသဖြင့် အဝတောင်၊ မင်းပြင်နှင့် သိုင်းချောင်းကျေးရွာ အနီး တစ်ဝိုက်တွင် အာရက္ခတပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

အဝတောင်စခန်းမှ အင်အား ၁၀၀ နီးပါးဖြင့် မင်းပြင်နှင့် သိုင်းချောင်းဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် ဩဂုတ် လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် စစ်ရေးပြန်လည် တင်းမာနေခြင်း ဖြစ် သည်။

အဆိုပါ စစ်ကြောင်းကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုတပ်ဘက်မှ အကျ အဆုံးများစွာဖြင့် နောက်ဆုတ်သွားခဲ့ရသော်လည်း လမ်းခရီးတွင် အင်အားထပ်မံဖြည့်တင်းကာ အဝတောင်စခန်း မှ တပ်ဖွဲ့များနှင့် ပေါင်းစည်းလျက်ရှိသည်။

ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးကအေအေ ကြားဖြတ်တိုက်လို့ စစ်ကြောင်း နောက် ဆုတ်တာပါ၊ အကျအဆုံးတော့ မသိရဘူး။ မင်းပြင်နဲ့ သိုင်းချောင်းဘက်ကိုလည်း စစ်တပ်စစ်ကြောင်း အခု ရှိသေးတယ်။ အဝတောင်ကျေးရွာ အနီးမှာလဲ ရှိတယ်၊ ပြန်ထိုးဖို့ လုပ်နေတယ်။ အေအေကလည်း ရှေ့ဆက် မတက်ဘဲ ဆိုင်ထားတယ်။ စစ်တပ်က ဒရုန်းတွေ အများကြီးသုံးနေတယ် ဟု ပြောသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် တောင်မော်ဦး ရေတပ်စခန်းနှင့် အဝတောင်စခန်းတို့မှ မင်းပြင်နှင့် သိုင်းချောင်း ဘက်သို့ စစ်ကြောင်း ၃ ခုဖြင့် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။ 

အဆိုပါ စစ်ကြောင်းများသည် AA နှင့် အနီးကပ်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အဝတောင်စခန်းဘက်သို့ ပြန် လည်ဆုတ်ခွာသွားရသော်လည်း ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် မင်းပြင်နှင့် သိုင်းချောင်းကျေးရွာ အနီးဝန်းကျင်၌ စစ်ရေးတင်းမာမှုများ ဆက်လက် မြင့်တက်နေသည်။

ထို့ပြင် စစ်အုပ်စုတပ်သည် အဝတောင်စခန်း ဝန်းကျင်နေရာများကို လေကြောင်း၊ စစ်ရေယာဉ်၊ ဒရုန်းနှင့် လက် နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိရာ ကျောက်ကလေကျေးရွာ နောက်ကြောဘက်ရှိ တောင်တန်းများနှင့် ကျေးရွာအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

အနီးအနားရှိ ဂန္ဓမာ၊ ဇိုင်ချောင်း၊ ဘားအင်း၊ ကပ်သပြေ၊ ဓာတ်မှန်၊ ငလပွေး စသည့် ကျေးရွာများတွင်လည်း စစ်အုပ်စုတပ်နှင့် AA တို့၏ စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး လက်နက်ကြီး ပစ်ခတ်မှုများနှင့် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ဓါတ်ပုံ – AFP