တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားသို့ သွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ဩဂုတ်လ ၁၉ ရက်မှ ၂၂ ရက်နေ့အထိ သွားရောက်မည့် ၄ ရက်ကြာ တရားဝင် ခရီးစဉ်ကို စတင်လိုက်ပြီကြောင်း ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်သည်။
ယင်းခရီးစဉ်သည် ဝမ်ယိအတွက် ၅ နှစ်တာကာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ သွားရောက်မည် ဖြစ်သည်။
ခရီးစဉ်အတွင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင် (Lee Jae Myung) နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်း ရေးရာများကို ဆွေးနွေးမည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်း (Cho Hyun)၊ အမျိုးသားလုံခြုံရေးအကြံပေး ဝီဆောင်လတ် (Wi Sung-lac) တို့နှင့်လည်း သီးခြားစီ တွေ့ဆုံသွားမည် ဖြစ်သည်။
ယခုခရီးစဉ်သည် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေး မတိုင်မီ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်နှင့် အဆင့်မြင့် ဆွေးနွေးပွဲများအတွက် ပြင်ဆင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
တောင်ကိုရီးယား ခရီးစဉ်အပြီးတွင် ဝမ်ယိသည် အင်ဒိုနီးရှားနိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။
အင်ဒိုနီးရှား၌ ရောက်ရှိစဉ်အတွင်း တရုတ်-အင်ဒိုနီးရှား ဘက်စုံ စတိုရီဂျစ် ဆွေးနွေးပွဲ မူဘောင်သစ်ကို သဘာပတိအဖြစ် ဦးဆောင်ကျင်းပမည်ဖြစ်သလို၊ တရုတ် ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန် (Dong Jun) နှင့်အတူ နှစ်နိုင်ငံ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးများအဆင့် (2+2) ဒုတိယအကြိမ် ပူးတွဲဆွေးနွေးပွဲသို့လည်း တက်ရောက်သွားမည်ဖြစ်သည်ဟု ဆိုသည်။