ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လူသေဆုံးမှု ရှိနေစဉ် စစ်တပ်က စစ်တွေကို လမ်းပိတ်ထား 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်။

စစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် အနီးအနားရှိ မွတ်ဆလင် ကျေးရွာများ၊ ဒုက္ခသည် စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အနည်းဆုံး မွတ်ဆလင် ၁၂ ဦး သေဆုံးခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ဝမ်းလျှောရောဂါ စစ်တွေမြို့သို့ ကူးစက်လာမည်ကို ကာကွယ်သည့် အနေဖြင့် စစ်တပ်က လမ်းများ ပိတ်ဆို့ထားသဖြင့် လူနာများမှာ စစ်တွေတွင် ဆေးကုခွင့်မရပဲ ဆေးမီးတိုဖြင့်သာ ကုသနေရသည်။ 

စစ်တွေမြို့ပြင်ရှိ သဲချောင်း၊ အုန်းတောချေ၊ အုန်းတောကြီး၊ ဒါးပိုင်၊ သက်က္ကပြင်နှင့် ပလ္လင်ပြင် ကျေးရွာ အပါ အဝင် မွတ်ဆလင်ကျေးရွာ ၁၀ ရွာထက်မနည်း၌ လွန်ခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာများတွင် ဝမ်းရောဂါ ကူးစက်မှု အရှိန်မြင့်တက်လာချိန်၌ စစ်တပ်က မွတ်ဆလင်ကျေးရွာ များသို့ သွားသည့် ဘုမေလမ်း၊ သံတော်လီကျေးရွာ သွားလမ်းနှင့် အခြား လမ်းအသီးသီးကို ပိတ်ဆို့၍ Lockdown ချထားသည်။

ဒေသခံ မွတ်ဆလင် အမျိုးသားတစ်ဦးက စစ်တွေမြို့အထွက်က မွတ်ဆလင်ရွာတွေမှာဖြစ်နေတာပါ။ မြို့ထဲ စစ်တပ်က အဝင်မခံတော့ ကုသတာမှာ အဆင်မပြေဘူး။ ဆရာဝန်တွေ၊ ဆေးတွေ အခက်အခဲ ဖြစ်နေတာပါ။ သဲချောင်း၊ ဒါးပိုင်၊ သက်က္ကပြင် အဲ့ဒီရွာတွေမှာ သေဆုံးနေတာပါ။ အချင်းချင်း ဆေးမီးတိုနဲ့ ကုနေရတာပါ ဟု ပြောသည်။

ဝမ်းရောဂါ ဖြစ်ပွားနေသည့် မွတ်ဆလင်များသည် ငွေကြေး အခက်အခဲများရှိနေသည့်အပြင် စစ်အုပ်စုတပ်က လုံခြုံရေး တင်းကျပ်ကာ သွားလာခွင့် ပိတ်ပင်ထားသဖြင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးနှင့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက် ဆေးကုသခွင့် မရကြပေ။

အထူးသဖြင့် ဒုက္ခသည်စခန်းများအတွင်း၌ သောက်သုံးရေနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ဝစွာ မရရှိ သဖြင့် ဝမ်းရောဂါကြောင့် ကလေးငယ်များ သေဆုံးမှုပါ ရှိလာနေခြင်း ဖြစ်သည်။

စစ်တွေ ဒေသခံ ရခိုင်အမျိုးသမီးတစ်ဦးကလည်း မွတ်ဆလင်တွေ မြို့ထဲအဝင်မခံတာ ကြားရတယ်။ ကျန်းမာ ရေး စောင့်ရှောက်မှုကလည်း မရတော့ အချင်းချင်း ဖြစ်သလို ကုနေတာ သေတာတွေရှိတယ်။ မထိန်းနိုင်ရင် တော့ အသေအပျောက် များလာမယ်။ စားဖို့သောက်ဖို့တောင် အနိုင်နိုင် ငွေကြေးအခက်အခဲတွေ အများကြီး ရှိနေတာ ဟု ပြောသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသော အစားအစာနှင့် သောက်သုံးရေတို့မှတစ်ဆင့် ကူးစက်နိုင်ပြီး ကိုယ်ခံအားနည်းသူများနှင့် ကလေးငယ်များအတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက သတိပေးထားသည်။

ဓါတ်ပုံ – RFA (စစ်တွေမြို့နယ်၊ သဲချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများ – ပုံဟောင်း)