ဘန်ကောက် မြန်မာသံရုံးက PV ပတ်စပို့ သက်တမ်းတိုးခြင်း ရုတ်တရက် ရပ်ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ အား စာအုပ်အသစ် လဲလှယ်ပေးခြင်းနှင့် သက်တမ်းတိုးပေးခြင်းများကို ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ ကြိုတင် အသိပေးခြင်း မရှိဘဲ ရုတ်တရက် ရပ်ဆိုင်းလိုက်သဖြင့် ထိုင်းရောက် မြန်မာများနှင့် ကျောင်းသားများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

ယခင်က သံရုံး၌ တိုက်ရိုက် သက်တမ်းတိုးခွင့် ရရှိခဲ့သော်လည်း ယခုအခါ PV ပတ်စပို့ ကိုင်ဆောင်ထားသူများ အနေဖြင့် စာအုပ်အသစ် လဲလှယ်လိုလျှင်ဖြစ်စေ၊ အလုပ်လုပ်ခွင့် ပတ်စပို့ (PJ) သို့မဟုတ် ကျောင်းသား ပတ်စပို့ (PE) အပါအဝင် အခြား ပတ်စပို့အမျိုးအစားများသို့ ပြောင်းလဲလိုလျှင်ဖြစ်စေ နေပြည်တော်ရှိ စစ်အုပ်စုထံသို့ လျှောက်လွှာစာ အရင်တင်ပြရမည် ဖြစ်သည်။

နေပြည်တော်ဘက်မှ စိစစ်ပြီး ခွင့်ပြုမိန့် ပြန်လည်ကျလာမှသာ သံရုံး၌ ဆက်လက်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပြီး ယနေ့ သံရုံးသို့ သွားရောက်လျှောက်ထားသူများကိုမူ ၂ လကြာမှ ပြန်လည်လာရောက် စုံစမ်းရန် သံရုံးဘက်က ဘောက်ချာတွင် မှတ်ချက်ရေးပေးလိုက်ကြောင်း ဆိုသည်။

ထိုင်းရောက် မြန်မာအမျိုးသားတစ်ဦးက ဒီနေ့ သံရုံးမှာ စာအုပ်လဲဖို့ ကျနော့်သူငယ်ချင်း သွားတော့ အရင်လို မလုပ်ပေးတော့ဘူးတဲ့ဗျ။ လျှောက်လွှာဖောင် ဖြည့်ခိုင်းပြီး နေပြည်တော်ဆီ စာတင်ထားမယ်၊ ၂ လကြာမှ ပြန်လာစုံစမ်းပါဆိုပြီး ဘောက်ချာမှာ စာရေးပေးလိုက်တယ်ဗျ။ ပြန်ကျမကျလည်း မသေချာတော့ ဘာဆက် လုပ်ရမှန်း မသိဘဲ ဖြစ်နေတာ။ အခုတော့ တကယ် ဒုက္ခရောက်ကုန်ကြရတာပေါ့ ဟု ပြောသည်။

ထို့ပြင် ပတ်စပို့ ဝန်ဆောင်မှုပေးနေသူများ၏ ပြောပြချက်အရ PJ ကိုင်ဆောင်ထားသူများသည် PJ အတိုင်း၊ PE ကိုင်ဆောင်ထားသူများသည် PE အတိုင်း စာအုပ်အသစ် လဲလှယ်ခွင့် ရှိနေသေးသော်လည်း PV မှ အခြား ပတ်စပို့အမျိုးအစားသို့ ပြောင်းလဲခြင်းနှင့် သက်တမ်းတိုးခြင်းများကိုမူ တင်းကျပ်လိုက်ခြင်းဖြစ်သည်ဟု ဆို သည်။

ဒီလုပ်ထုံးလုပ်နည်း အပြောင်းအလဲက ရုတ်တရက်ကြီး ဖြစ်လာတာပါ။ သံရုံးကလည်း တရားဝင် စာထုတ်တာ မျိုး မရှိသေးတော့ အားလုံးက စောင့်ကြည့်နေရတုန်းပဲ။ PV နဲ့ လာပြီး Non-B အလုပ်ဗီဇာ ဒါမှမဟုတ် Non-ED ကျောင်းသားဗီဇာ ပြောင်းထားတဲ့သူတွေအတွက်တော့ အချိန်အများကြီး ကြာသွားနိုင်သလို အခက်အခဲတွေ နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ် ဟု ဘန်ကောက်မြို့ရှိ ပတ်စပို့ အကျိုးဆောင်တစ်ဦးက ပြောသည်။

အဆိုပါ စည်းကမ်းချက်များ တင်းကျပ်မှုသည် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဘန်ကောက်မြို့ မြန်မာသံရုံးသို့ လာရောက်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ အပြောင်းအလဲ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ 

ယခုကဲ့သို့ စစ်အုပ်စုက ကြိုတင်အသိပေးခြင်း မရှိဘဲ မူဝါဒများ ရုတ်တရက် ပြောင်းလဲလိုက်ခြင်းကြောင့် PV ပတ်စပို့ဖြင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာကာ ဗီဇာအမျိုးအစား ပြောင်းလဲ၍ တရားဝင် နေထိုင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ၊ ကျောင်းသားများနှင့် စာရွက်စာတမ်း သက်တမ်း ကုန်ခါနီး သူများမှာ ရှေ့ဆက် နေထိုင်ရေးအတွက် စိုးရိမ်နေကြသည်။

ဓါတ်ပုံ – (Crd)