မောင်တော၌ စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ ကလေးငယ် ၁၀ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကစားနေသည့် ကလေးငယ် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ဗုံးသီးပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိသွားသည့် ကလေး ငယ်များမှာ မောင်မင်းမြတ်သာကီ၊ မမိုးရွှေပန်း၊ မစိန်ရတီဦး၊ မမိုးနွယ်ဦးနှင့် မောင်မိုးအောင်ဌေးတို့အပြင် ပဲရုံ ကျေးရွာမှ မောင်ခိုင်သူရိန်ထွန်း၊ မောင်ပြည့်ဆန်းကျော်စွာ၊ မောင်အောင် ဟိန်းထက်၊ မောင်အောင်ငြိမ်းထက် နှင့် မောင်မြတ်လင်းအောင်တို့ ဖြစ်ကြသည်။

အသက် ၅ နှစ်မှ ၁၀ နှစ်ဝန်းကျင် အရွယ်များဖြစ်ကြသည့် အဆိုပါ ကလေးငယ်များသည် ကျေးရွာအတွင်း ကစားနေကျ ခြံဝင်းအတွင်း ဆော့ကစားနေကြစဉ် မည်သည့်နေရာမှ ရောက်ရှိလာမှန်း မသိသည့် စစ်ကျန် ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော် (AA) နှင့် နီးစပ်သူတစ်ဦးက ရခိုင်မှာ စစ်တပ် လက်ထက်က ကျန်ခဲ့တဲ့ ဗုံးသီးတွေ အများကြီး ကျန်တာရှိတယ်။ အေအေက ရှင်းပေမယ့် မနိုင်သေးဘူး။ ကလေးတွေရော လူကြီးတွေရော ဗုံးသီးမြင်ရင် တစ်ခုခုလုပ်ချင်ကြတယ်၊ အသိပညာပေးတာတွေလည်း လုပ်ပါတယ်ဟု ပြောသည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ကလေးငယ် ၁၀ ဦးအနက် ၆ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနေရပြီး ဆေးဝါးကုသစရိတ်အတွက် ငွေကြေးအကူအညီများ လိုအပ်နေကြသည်။

အင်းဒင်ကျေးရွာသည် ယခင် မောင်တောတိုက်ပွဲများအတွင်းက စစ်တပ် တပ်စွဲနားခိုခဲ့သည့် နေရာတစ်ခု ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း အဆိုပါရွာမှ အမျိုးသမီးတစ်ဦး ထင်းခုတ်သွားစဉ် မြေမြှုပ်မိုင်း နင်းမိ၍ ခြေနှစ် ဖက်လုံး ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

မောင်တောမြို့နယ် အပါအဝင် အာရက္ခဒေသတစ်ခုလုံး၌ စစ်တပ် တပ်စွဲခဲ့သည့်နေရာများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နယ်မြေများတွင် အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းရေးများကို အရှိန်အဟုန်မြှင့် ပြုလုပ် ဆောင်လျက်ရှိသည်။

အာရက္ခတပ်တော် (AA) သည် ၂၀၂၅ ခုနှစ်အတွင်း မောင်တောမြို့ လသာ၊ ရွှေဇား၊ ရွှေဇား(ဂုံးနား)၊ အီတာလျာ၊ ကမ်းပိုင်းနား၊ ကပ်ဘေး၊ စေတီပြင် စသည့် ရပ်ကျေးများတွင် မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့သလို နခခ (၅) တစ်ခုတည်း၌ပင် ရက်ပေါင်း ၁၁၅ ရက်အတွင်း မြေမြှုပ်မိုင်း ၃,၀၀၀ ခန့်ကို ရှာဖွေဖယ်ရှားခဲ့သည်။ 

ထို့ပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း မောင်တောမြို့ အမှတ် (၇၆၆) တပ်ရင်းဟောင်းနေရာနှင့် ကားလမ်းမများအနီးမှ M-14 မြေမြှုပ်မိုင်း ၇၈ လုံးကို ဖယ်ရှားရှင်းလင်းထားကြောင်း (AA) က ထုတ်ပြန်ထား သည်။