ငပလီ/သံတွဲ နှင့် ဂွတွင် စစ်တပ်မှ ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲ၊ တစ်ဦးသေ ၂၀ ကျော်ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့နှင့် ဂွမြို့နယ်ရှိ ကျေးရွာများကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးအလုံးရေ ၁၀၀ ခန့် အုပ်စုလိုက် ကြဲချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ စစ်ဘေးရှောင် ပြည်သူ ၁ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

စစ်အုပ်စုတပ်သည် ဩဂုတ်လ ၂၁ ရက် ညသန်းခေါင်ယံ အများပြည်သူ အိပ်မောကျနေချိန် နံနက် ၁ နာရီ ၅၇ မိနစ်မှ ၃ နာရီ ၁၈ မိနစ်အထိ ငပလီမြို့ရှိ ခလရ (၅၅)၊ ခမရ (၅၆၆) တပ်ရင်းနေရာဟောင်းများနှင့် အရပ်သားများ နေထိုင်ရာ ပတ်ဝန်းကျင်များကို ဂျက်တိုက်လေယာဉ် ၈ စီး၊ Y-12 ၁ စီး၊ Y-8 ၁ စီး စုစုပေါင်း လေယာဉ် ၁၀ စီး ဖြင့် ၁ နာရီကျော်ကြာ ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချခဲ့ခြင်း ဖြစ်သည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန် ထားသည်။

စစ်အုပ်စုတပ်က ငပလီမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်သူ ၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ငပလီမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို သိသော ဒေသခံတစ်ဦးက ညနက်ဘက် လူတွေအိပ်နေချိန်ကို လာကြဲသွားတာပါ။ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို ထိကုန်တာပါ ဟု ပြောသည်။

ထို့ပြင် ထိုနေ့ နံနက် ၅ နာရီခန့်တွင်လည်း ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာရှိ အထက်တန်းကျောင်းနှင့် ဓမ္မရက္ခိ တ ဘုန်းကြီးကျောင်းတို့ကို ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်နှင့် ဒေသခံ ရွာသား စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိသွားသည်။

ဂွမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းက စစ်ရေးနဲ့ မဆိုင်ဘူး။ ဧရာဝတီတုင်းဘက်က ထွက် ပြေးလာတဲ့ စစ်ရှောင်တွေကို ခိုလှုံနေကြတာပါ။ ဒါကို ပေါင် ၅၀၀ ဗုံးနဲ့ လာ ကြဲသွားတာ။ စဉ်းစားကြည့်ဗျာ ဒါ ရည်ရွယ်ချက်ရှိရှိနဲ့ကို တမင်ဒုက္ခပေးတာ။ ပြည်သူတွေကို ဒုက္ခရောက် အောင် သက်သက်ကို လုပ်တာဟု ပြောသည်။

ညောင်ချောင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဧရာဝတီတိုင်းဘက်မှ လာရောက် စစ်ဘေးရှောင်နေသူများနှင့် ဒေသခံ ရွာသားများ ဒဏ်ရာရရှိခဲ့ကာ အခြေခံ ပညာ အထက်တန်းကျောင်းဆောင် တစ်ခုလုံး ပြိုပျက်သွားသည့်အပြင် ဘုန်းကြီးကျောင်းဆောင်၊ ဆေးခန်း၊ နေအိမ် ၃ လုံးနှင့် စက်ပစ္စည်းအချို့ ပျက်စီးသွားခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို နီးစပ်ရာ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ပေးထားရပြီး ဒေသတွင်း ဆက်သွယ်ရေးလိုင်းများ အခက်အခဲကြောင့် အချို့၏ အချက်အလက်များကို အတိအကျ စိစစ်နေဆဲ ဖြစ်သည်။

ဂွမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုမှာ ယခုတစ်ကြိမ်တည်း မဟုတ်ဘဲ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်က လည်း ကျိန္တလီမြို့နှင့် ကိုင်းခုံကျေးရွာတို့ကို ညအချိန် ဗုံးကြဲခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ၈ ဦး သေဆုံးခဲ့သေးသည်။

လက်ရှိတွင် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သား ပြည်သူများ နေထိုင်ရာ မြို့ရွာများနှင့် စစ်ရှောင်စခန်းများကို စစ်အုပ်စုတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်နေသဖြင့် မိဘပြည်သူများအနေဖြင့် လေကြောင်းနှင့် ရေကြောင်း အန္တရာယ်ကို သတိပြုကြရန် အာရက္ခတပ်တော် (AA) က အသိပေး တိုက်တွန်းထား သည်။

ဓာတ်ပုံ – (ULA/AA)