မောင်တော၌ ဟိန္ဒူများ အစုလိုက်အပြုံလိုက် အသတ်ခံရမှု ၉ နှစ်ပြည့် အခမ်းအနား ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့၊ ရဲဘောက်ကျာကျေးရွာ၌ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဟိန္ဒူဘာသာဝင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၉ နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ယနေ့တွင် အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လွန်ခဲ့သည့် ၉ နှစ်က အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့် မိသားစုဝင်များ၊ ဆွေမျိုးများနှင့် ဒေသခံများ ပါဝင်တက်ရောက်ခဲ့ကြပြီး အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဆုတောင်းမေတ္တာ ပို့သခြင်း၊ အမျှဝေ ခြင်းနှင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။

အာရက္ခတပ်တော် (AA) နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ဒီကိစ္စတွေကို နိုင်ငံတကာကလည်း သိအောင်၊ မိသား စုတွေကလည်း သတိရတာတွေ ကျင်းပချင်တာတွေရှိလို့ လုပ်ဆောင်တာပါ။ ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကို စိတ်မကောင်းစွာဖြင့် အမြဲအမှတ်ရနေကြတယ်။ တပ်တော်ကလည်း ဒါထက် ဂရု စိုက်ပြီး လုံခြုံရေးတွေ ပိုလုပ်နေပါတယ် ဟု ပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း သေဆုံးခဲ့သူများကို အောက်မေ့သတိရစေရေး အပါအဝင် ဒေသအတွင်း ARSA အဖွဲ့၏ အကြမ်းဖက် လှုပ်ရှားမှုများ အပါအဝင် အလားတူ သွေးထွက်သံယို ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ULA/AA တာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာ အသိပေးပြောကြားမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အဆိုပါ ဝမ်းနည်းဖွယ် ဖြစ်စဉ်ကို အောက်မေ့သတိရစေရန် စိုက်ထူထားသည့် မော်ကွန်းကျောက်တိုင်နှင့် အထိမ်းအမှတ်နေရာများကို အကောင်းဆုံး ပြန်လည်မွမ်းမံ ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ နောင်လာနောက်သား များ သတိပြုနိုင်ရန် သမိုင်းမှတ်တမ်းအဖြစ် ထိန်းသိမ်းထားမည်ဟု ULA/AA တာဝန်ရှိသူများက ဆိုသည်။

မောင်တော ဒေသခံတစ်ဦးကလည်း ဒီဖြစ်စဉ်က သေဆုံးသွားခဲ့ရတဲ့ မိသားစုတွေအတွက် ဘယ်တော့မှ မေ့လို့ မရနိုင်တဲ့ ဝမ်းနည်းစရာ သမိုင်းဆိုးတစ်ခုပါ။ အဲဒီတုန်းက ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသူတွေကို သတိရ လွမ်းဆွတ်လွန်းလို့ အခုလို ၉ နှစ်ပြည့် အခမ်းအနား ကျင်းပတာ ဖြစ်သလို၊ ဒီဖြစ်ရပ်ဆိုးတွေကို နိုင်ငံတကာက လည်း သတိထားမိအောင် ဆုတောင်းပွဲ လုပ်တာဖြစ်ပါတယ် ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွင်း မောင်တောခရိုင်အတွင်း၌ တိုက်ပွဲများနှင့် နယ်မြေရှင်းလင်းရေးများ ဆက်လက် ဖြစ်ပွားခဲ့သဖြင့် ဒေသခံများအနေဖြင့် လုံခြုံရေးဆိုင်ရာ သတိပေးချက်များကို လိုက်နာကြရန်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ မသင်္ကာဖွယ် လှုပ်ရှားမှုများကို အမြဲမပြတ် စောင့်ကြည့် သတင်းပို့ကြရန် ULA/AA ဘက်က ထပ်မံ တိုက်တွန်းထားသည်။

ဓာတ်ပုံ – Crd