စစ်ရှိန်မြင့်လာ၍ စစ်တွေ- ပုဏ္ဏားကျွန်း အစပ်ရှိ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။
ရခိုင်ပြည်၊ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေး ရွှေ့ပြောင်းနေကြရသည်။
တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည့်အတွက် ပုဏ္ဏားကျွန်းမြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၁၅ ရွာထက်မနည်းမှ ဒေသခံများကို ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းကြရန် အာရက္ခတပ်တော် (AA) က အိမ်တိုင်ရာရောက် ကွင်းဆင်းကာ သတိပေးနိုးဆော်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယအပတ်မှစ၍ စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်ရှိ စပါးထား၊ ဆားကုန်းပို့၊ ခမောင်း တော ကာကင်းစခန်းနှင့် အမြင့်ကျွန်း တံတားဂိတ်များကို စစ်အုပ်စုတပ်က စစ်ကြောင်းထိုး ထိန်းချုပ်ရန် ကြိုး ပမ်းခဲ့သော်လည်း AA က ပြန်လည် တိုက်ခိုက် သိမ်းပိုက်ခဲ့သည့်အတွက် စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူများ သုံးကာ နယ်မြေ ပြန်လည်ရရှိရေး အပြင်းအထန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
အဆိုပါ စစ်ရေးအခြေအနေကြောင့် စစ်တွေနှင့် ပုဏ္ဏားကျွန်း အစပ်ရှိ ငှက်ကြီးကျွန်း၊ အလယ်ကျွန်း၊ ပဒေသာ၊ မက္ကာလာကျ၊ ကျွန်းချေ၊ ဆားပြင်ကြီးနှင့် တောင်ပေါက် စသည့် ကျေးရွာများမှ သက်ကြီးရွယ်အိုများနှင့် အပြစ်မဲ့ ပြည်သူများ ပိတ်မိမနေစေရန် အာရက္ခတပ်တော် တာဝန်ရှိသူများက အသိပေး ရွှေ့ပြောင်းခိုင်းနေခြင်း ဖြစ်သည်။
ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “စစ်တွေနဲ့ ပုဏ္ဏားကျွန်း အစပ်က ရွာတွေကို စစ်တပ် က လေယာဉ်တွေရော၊ ဒရုန်းတွေပါ သုံးပြီး အုပ်စုလိုက် ဗုံးကြဲနေတာ။ တိုက်ပွဲက ၂ ပတ်ကျော် ပြင်းထန်လာ တာပါ။ ရွာတွေထဲ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ကျန်ခဲ့မှာစိုးလို့ AA က အိမ်တိုင်ရာရောက် လာပြီး ဘေးလွှတ်ရာ ရွှေ့ကြဖို့ အသိပေးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ငှက်ကြီးကျွန်း၊ အလယ်ကျွန်း၊ မက္ကာလာကျ၊ ကွန်းတောင်၊ ညောင်ရည်ချောင်း၊ ရဲရိုးပြင်နှင့် ဝါဘို အပါအဝင် ကျေးရွာ ၂၀ နီးပါး၏ ကောင်းကင်ယံတွင် စစ်အုပ်စု၏ တိုက်လေယာဉ်များ အဆက်မပြတ် ပျံဝဲနေ သည့်အပြင် ရဟတ်ယာဉ်များ၊ စစ်ရေယာဉ်များနှင့် ဒရုန်းများပါ အသုံးပြု၍ ရွာများအတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်နေသည့်အတွက် ပြည်သူများမှာ အိုးအိမ်များကို စွန့်ခွာ၍ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေ ကြရသည်။
သို့သော်လည်း ဒေသတွင်း၌ သမားရိုးကျ လမ်းကြောင်းအများစု ပိတ်ဆို့ခံထားရခြင်း၊ စစ်အုပ်စုတပ်က မြစ် ကြောင်းနှင့် ကုန်းလမ်း အထွက်ပေါက်များကို လက်နက်ကြီးနှင့် လေကြောင်းမှ စောင့်ကြည့် ပစ်ခတ်နေခြင်း တို့ကြောင့် စစ်ဘေးရှောင်များအတွက် ခရီးလမ်း အန္တရာယ်ကြီးမားလှသည့်အပြင် သယ်ယူပို့ဆောင်ရေး ယာဉ် စရိတ်များ မြင့်တက်နေခြင်း၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်လူနာများကို ရွှေ့ပြောင်းရန် ခက်ခဲခြင်းတို့ ကြောင့် ထွက်ပြေးတိမ်းရှောင်ရာတွင် ကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “လက်နက်ကြီးသံတွေ၊ လေယာဉ်သံတွေ ကြားရတော့ ဘာမှမယူနိုင်ဘဲ ဗုံးခိုကျင်း ထဲကို ပြေးရတာပါ။ သက်ကြီးရွယ်အိုတွေကို ထမ်းပြေးရတာရော၊ ကလေးတွေနဲ့မို့ လမ်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှာရော အရမ်းကြောက်ရတာ။ လမ်းစရိတ်တွေကလည်း အရင်ထက် နှစ်ဆ၊ သုံးဆလောက် ပေးနေရတော့ တော်တော်လေး ဒုက္ခရောက်နေကြရတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်းနှင့် စစ်တွေ နယ်စပ်တစ်လျှောက် စစ်အင်အားနှင့် လက်နက်ကြီး ပစ်အားများကို ဆက်တိုက် ဖြည့်တင်းနေပြီး အရပ်သားပစ်မှတ်များကိုပါ ဦးတည် တိုက်ခိုက်နေသည့်အတွက် ဒေသတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း ဒေသခံများနှင့် စစ်ရေးလေ့လာသူများက သုံးသပ် ထားကြသည်။
ဓါတ်ပုံ – (ပုံဟောင်း / ရခိုင်စစ်ရှောင်ပြည်သူများ – Crd)