ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တပြိုင်တည်း ဖော်ဆောင်ရန် တော်လှန်ရေးခေါင်းဆောင်များ တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ရေရှည်ငြိမ်းချမ်းသည့် ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်မည်ဟု တော်လှန်ရေးခေါင်းဆောင်များက တိုက်တွန်းပြောဆိုလိုက်သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ကြီးမှူးကျင်းပသည့် စက်တင်ဘာလ ၁၅ ရက်နေ့ တွင် ကျရောက်သော နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာနှင့် မိန့်ခွန်းများ၌ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ ခေါင်းဆောင်များက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ကြခြင်းဖြစ်သည်။

SCEF အလှည့်ကျသဘာပတိ ခူဦးရယ် က ဖက်ဒရယ်စနစ် မပါဝင်သော ဒီမိုကရေစီသည် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်သကဲ့သို့ ဒီမိုကရေစီစံနှုန်းများ ကင်းမဲ့ သည့် ဖက်ဒရယ်စနစ်သည်လည်း စစ်မှန်သော လွတ်လပ်မှုကို ပေးနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် SCEF အနေ ဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်း၍ စစ်မှန်သော ဖက်ဒရယ် ဒီမိုက ရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ခိုင်မာသော မူဝါဒလမ်းကြောင်းများဖြင့် အစွမ်းကုန် စုစည်း ဆောင်ရွက်လျက်ရှိနေသည်ကို တိုင်းရင်းသားပြည်သူလူထုနှင့် နိုင်ငံတကာအသိုက်အဝန်းကို ယနေ့တွင် ထပ်လောင်း အသိပေးအပ်ပါသည် ဟု ပြောသည်။

လက်ရှိ စစ်အုပ်စုက ဖန်တီးထားသော ရွေးတုလွှတ်တော်နှင့် အစိုးရအမည်ခံ အဖွဲ့အစည်းသည် တိုင်းပြည်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန်နှင့် စစ်အုပ်ချုပ်ရေးကို တရားဝင်မှု ရစေရန် စီစဉ်ထားသော လှည့်ကွက်တစ်ခု သာ ဖြစ်ပြီး ဒီမိုကရေစီ လမ်းကြောင်းနှင့် ငြိမ်းချမ်းရေး လမ်းကြောင်းကို ဦးတည်နေခြင်း မဟုတ်ကြောင်းလည်း ခူဦးရယ်က ထောက်ပြထားသည်။

ထို့အတူ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း နွေဦးတော်လှန်ရေးသည် ဒီမိုကရေစီစနစ် တစ်ခုတည်းတွင် လမ်းမဆုံးဘဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်သည့်အထိ မျဉ်းပြိုင် ဖော်ထုတ်သွားရမည်ဟု တိုက်တွန်းထားသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ က ကျနော်တို့ နိုင်ငံဟာ လူမျိုးစု အမှတ်သရုပ်ပေါင်းစုံ များပြားစုံလင်တဲ့ တိုင်းပြည်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီစနစ် တစ်ခုတည်းနဲ့ မပြည့်စုံနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဖက်ဒရယ်စနစ်ကိုပါ ထည့်သွင်း တည်ဆောက်ဖို့ လုပ်ကြရတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီနေ့ ကျနော်တို့ အားလုံး ဖြတ်သန်းချီတက်နေတဲ့ နွေဦးတော်လှန်ရေး ဟာ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် နဲ့ တိုင်း သစ်ပြည်သစ် တည်ထောင်ဖို့အတွက် ကြိုးစားနေကြတဲ့ ရုန်းကန်မှုကြီးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးဟာ ဒီမိုကရေစီစနစ်ကို လိုလားသလို၊ ဖက်ဒရယ်စနစ်ကို တောင့်တမျှော်လင့်နေကြပါတယ်။ ကျနော်တို့ အနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာတင် လမ်းမဆုံးစေဘဲနဲ့ ဖက်ဒရယ်လှုပ်ရှားမှုတွေကိုပါ မျဉ်းပြိုင် သဖွယ် တွန်းတင်ဖော်ထုတ်ကြဖို့ လိုပါတယ် ဟု ပြောသည်။

ဆက်လက်၍ အားလုံး၏ ဘုံရည်မှန်းချက် ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်ရန် အတွက် တပ်ပေါင်းစုံ သဏ္ဍာန်ဆောင်သည့် SCEF ကို ဖွဲ့စည်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လုပ်ဆောင်နေပြီဟု ယာယီသမ္မတက ဖြည့်စွက်ပြောဆိုသည်။

၎င်းက အခုဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေးအင်အားစုအားလုံးဟာ SCEF လို့ ခေါ်တဲ့ တပ်ပေါင်းစုံ သဏ္ဍာန် တော်လှန်ရေးတပ်ဦးတစ်ခုကို အတူတကွ ဖော်ဆောင်နေကြပါတယ်။ ဒါဟာ ဘာအတွက်လဲ ဆိုရင်၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင် ဖို့ အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ လှန်ထုတ်တိုက်ဖျက်ပစ်ဖို့ လိုပါတယ်။ ကျနော်တို့အနေနဲ့ တစ် ဖက်မှာ တော်လှန်ရေးတာဝန်တွေကို လုပ်ဆောင်နေသလို၊ တစ်ဖက်မှာလည်း တည်ဆောက်ရေး တာဝန်တွေကို ထမ်းရွက်နေပါတယ်။ ဒါဟာ အမာနဲ့ အနုလို သဘောတရားမျိုး ရှိပါတယ် ဟု ပြောဆိုသည်။

ထို့ပြင် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလည်း အခမ်းအနား အဖွင့်မိန့်ခွန်းတွင် စစ်အာဏာ ရှင် စနစ်ဆိုးကို အမြစ်ဖြတ်နိုင်ရန် ဘုံရည်မှန်းချက်နှင့် တာဝန်ယူမှုများအပေါ် အခြေခံသည့် စည်းလုံးညီညွတ်မှု ကို တည်ဆောက်ရမည်ဟု ပြောသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ကျနော်တို့အားလုံးဟာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်နေကြတာ ဖြစ်တဲ့အတွက် တစ်သံတည်း၊ တစ်မိန့်တည်းနဲ့ စနစ်တကျ စုစည်းညီညွတ်စွာ ချီတက်နိုင်မှသာ ကျနော်တို့ လိုလားတဲ့ ပန်းတိုင်ကို ပိုမိုမြန်ဆန်စွာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ဟု ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေးသည် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုမရှိဘဲ အားလုံးတန်းတူ ပါဝင်ခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပေါ်တွင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် နွေဦးတော်လှန်ရေး အင်အားစုများအကြား ပိုမိုခိုင်မာသည့် နိုင်ငံရေး သဘောတူညီချက်များ ရရှိကာ ဆက်လက် ချီတက်လျက်ရှိသည်ဟု ဆိုကြသည်။

ဓာတ်ပုံ – (NMG / ပုံဟောင်း)