ချင်းတောင်ပိုင်း တိုက်ပွဲတွင် စစ်အုပ်စုတပ် အထိနာ၍ တပ်စုတစ်စု အရှင်ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာအနီး တိုက်ပွဲတွင် စစ်အုပ်စုတပ်ဘက်မှ ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ အပါအဝင် တပ်စုတစ်စုလုံးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အရှင် ဖမ်းဆီးရမိကြောင်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ယောဒေသ ဆောမြို့နယ်၊ လောင်းရှည်မြို့မှတစ်ဆင့် ကျင်ဒွေးမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာ သည့် တပ်မ (၇၇) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းကို စက်တင်ဘာ ၂၄ ရက်မှ စတင်ကာ အာရက္ခတပ်တော် (AA)၊ ချင်းပြည်သူ့တပ်မတော် (CPA) နှင့် ယောကာကွယ်ရေးတပ်တော် (YDF) ပြည်သူ့တော်လှန်ရေး ပူးပေါင်း တပ်များက မဆာတွီကျေးရွာ ပတ်ဝန်းကျင်၌ ကြားဖြတ် ရက်ရှည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယောဒေသ ဆောမြို့နယ် ဒေသခံ တော်လှန်ရေးသမားတစ်ဦးက “အင်အား ၂၀ ကျော်ပါတဲ့ တပ်စု ၁ စုလုံးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတာ သိထားတယ်။ လောင်းရှည်မြို့ကတဆင့် ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးတက်လာတာ။ တိုက်ပွဲက အမြဲကဖြစ်ပြီး မဆာတွီကျေးရွာ ဝန်းမှာဖြစ်နေတာပါ။ စစ်သားတွေ ဖမ်းမိထားတယ်။ အေအေနဲ့ ပူးပေါင်းတပ်တွေ တိုက်တာ၊ အဲ့ဒီရက်ပိုင်း လေယာဉ်နဲ့ တောက်လျှောက် ဗုံးကြဲခဲ့ တယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံးသူ ၅၀ ဦးထက်မနည်း ရှိခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ လေကြောင်းမှ ဗုံးကြဲ ပစ်ကူပေးခဲ့သဖြင့် ဒေသခံအချို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် တပ်ဖွဲ့မှာ ပဲခူးမြို့အခြေစိုက် တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်ကြပ်ကြီး ရဲဝင်းထွန်း ဦးဆောင်သည့် အင်အား ၂၀ ကျော်ပါ တပ်စုဖြစ်ကြောင်း ဒေသတွင်း သတင်းအချို့က ဆိုသော်လည်း သတင်းနှင့် မီဒီယာ ကွန်ရက်အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ယောဒေသခံ ကျန်းမာရေးဝန်ထမ်း အမျိုးသားတစ်ဦးက “လက်ရှိအထိ ယောဒေသက မတည်ငြိမ်ပါဘူး။ တိုက်ပွဲ တွေရှိပါတယ်။ မဆာတွီရွာ အနီးအနားကို တော်လှန်ရေးတပ်တွေ အခုစိုးမိုးထားတယ်။ မဆာတွီ-ဆွဲလွဲကျင်း- လောင်းရှည် လမ်းပိုင်းအတိုင်း စစ်တပ်နောက်ဆုတ်သွားတယ်။ အကျအဆုံးတော့ များတယ်။ ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့ကို စစ်ကြောင်း ထိုးပြီးထိန်းဖို့လုပ်တာပါ၊ ဒီဘက်တော် လှန်ရေး အဖွဲ့တွေကလည်း ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် ကျင်ဒွေးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဆောမြို့နယ်နှင့် လောင်းရှည်မြို့တို့တွင် ခြေကုပ်ယူ ကာ အင်အား ၅၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ မဆာတွီရွာမှတစ်ဆင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် မဆာတွီကျေးရွာ အနီးအနားကို တော်လှန်ရေးတပ်များက စိုးမိုးထားပြီး စစ်အုပ်စုတပ် စစ်ကြောင်း များသည် မဆာတွီ၊ ဆွဲလွဲကျင်း၊ အင်ဘူး၊ ပါးချောင်း၊ ပိန်းချောင်း၊ ယမ်းနှင့် ကြိမ်ကြီး ကျေးရွာများတွင် ဆက် လက် ရှိနေကြသဖြင့် စစ်ရေး တင်းမာလျက် ရှိသည်။