မြစ်ဆုံစီမံကိန်းကို ပြည်သူ သဘောမတူက ပြည်သူ့သဘောထားအတိုင်း ရပ်တည်မည်ဟု KIO ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။|
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် လူထု ထောက်ခံမှု မရှိသည့် မည်သည့် စီမံကိန်းမျိုးကိုမဆို ပြည်သူ လူထု၏ သဘောထားအတိုင်းသာ ရပ်တည်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ပြောဆိုလိုက် သည်။

ကချင်ပြည်အတွက်သာမက မြန်မာတစ်နိုင်ငံလုံး၏ ဂေဟစနစ်၊ လူမှုစီးပွားဘဝနှင့် အမျိုးသား လုံခြုံရေးကိုပါ ထိခိုက်လာနိုင်သည့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် စစ်အုပ်စုက စည်းရုံး လှုံ့ဆော်မှုများ အရှိန်မြှင့် ဆောင်ရွက်လာသည့်အပေါ် KIO/KIA က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “မြစ်ဆုံ တရုတ်ရဲ့ မြစ်ဆုံစီမံကိန်းကို ကျနော်တို့ KIO က တော့ အဓိကကတော့ ပြည်သူလူထု ဖြစ်ပါတယ်။ ပြည်သူလူထု သဘောမတူတဲ့ဟာတွေဆိုရင်တော့ ကျနော်တို့ KIO ဘာမှ မလုပ်ပါဘူး။ ကျနော်တို့ KIO က ပြည်သူလူထုကိုယ်စား ဖြစ်နေပါတယ်” ဟု ပြောသည်။

KIO/KIA သည် ပြည်သူထံမှ ပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သဖြင့် ပြည်သူများ၏ သဘောထားအတိုင်း သာ ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“ဒါကြောင့် KIO က ပြည်သူလူထု မထောက်ခံတဲ့ လုပ်ငန်းတွေ၊ သဘောမတူတဲ့ လုပ်ငန်းတွေကို ကျနော်တို့ မလုပ်ပါဘူး။ ဒါကြောင့် အခုလည်း ပြည်သူလူထုတွေ မထောက်ခံလို့ရှိရင်တော့ ကျနော်တို့လည်း ထောက်ခံမှာ မဟုတ်ဘူးနော်။”

ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကချင်ပြည် ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို ၈ နှစ်ခွဲအတွင်း အပြီး တည်ဆောက် ရန် တရုတ်နိုင်ငံနှင့် သဘောတူထားကြောင်း အကြောင်းပြကာ ဒေသခံ ပြည်သူများကို စည်းရုံးရေး လုပ်ဆောင် လာခြင်း ဖြစ်သည်။

ထိုသို့ စစ်အုပ်စု၏ စည်းရုံးလှုံ့ဆော်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ကချင်လူ့အခွင့်အရေးအဖွဲ့ (KHRW) ပြောရေးဆိုခွင့်ရှိသူ ဂျေကော့က ယခုကဲ့သို့ ပြောသည်။

“မြစ်ဆုံရေကာတာ စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆက်လက်ပြီးမှ ပြည်သူလူထုတွေကို စည်းရုံးလုပ် ဆောင်နေတာကို တွေ့ရတယ်။ သူတို့ အပြင်းအထန် ကြိုးစားနေတာတွေ့ရတယ်။ ဒီမြေပြင်မှာဆိုရင် ပြည်သူ လူထုတွေကို စည်းရုံးရေး အပြင်းအထန် လုပ်ဆောင်နေတာ တွေ့ရတယ်။ ပြီးတော့ ဒီ တရုတ်ရဲ့ ထောက်ခံမှု ရရှိရန်အတွက် ဆက်လက်ပြီးမှ သူတို့ လူထုစည်းရုံးတွေ တခြားနည်းလမ်းတွေပေါ့နော် သူတို့ လုပ်ဆောင်နေ တာကို တွေ့ရပါတယ်ဗျ။”

အခြားတစ်ဖက်တွင်လည်း စစ်အုပ်စုတပ်က စီမံကိန်းများကို အထောက်အထား မခိုင်လုံဘဲ ဆန့်ကျင် ကန့်ကွက် ပါက ဖမ်းဆီး အရေးယူမည်ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က အမိန့်ထုတ်ပြန်ကာ ထိန်းချုပ်ရန် ကြိုးပမ်းထားသည်။

ထိုသို့ စစ်အုပ်စုတပ်၏ ဖမ်းဆီးအရေးယူမည်ဆိုသည့် ခြိမ်းခြောက်မှုများ ရှိနေသော်လည်း မြစ်ဆုံ ရေအားလျှပ် စစ် စီမံကိန်း ရပ်တန့်သွားသည်အထိ ဆက်လက် ဆန့်ကျင် ကန့်ကွက်သွားမည်ဟု KHRW ပြောရေးဆိုခွင့်ရှိသူ ဂျေကော့က ပြောသည်။

၎င်းက “မြစ်ဆုံရေကာတာ စီမံကိန်း အမြန်ဆုံး ရပ်တန့်ဖို့ ပြည်သူလူထုတွေနဲ့အတူ ဆက်လက်ပြီးမှ ပူးပေါင်း ပါဝင်ပြီးမှ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်ပါတယ်။ ဆက်လက်ပြီးမှ လုပ်ဆောင်နေရင်တော့ ပြည်သူလူထုတွေရဲ့ ကန့်ကွက်မှုတွေ ပိုပြီးမှ မြှင့်တက်လာမှာ ဖြစ်ပါ တယ်။ ပြီးတော့ နောက်တစ်ခုကတော့ နိုင်ငံရေး အရှုပ်အထွေးတွေ၊ နိုင်ငံရေး ပဋိပက္ခတွေ ပိုပြီးမှ များလာနိုင် ပါတယ်” ဟု ပြောသည်။

ထိုကဲ့သို့ ခြိမ်းခြောက်မှုများကြားမှပင် ဝိုင်းမော်ဒေသခံ ၁၀၀ နီးပါးသည် စက်တင်ဘာလ ၂၆ ရက် (ကမ္ဘာ့မြစ် ချောင်းများနေ့) က မေခနှင့် မလိခမြစ် ပေါင်းဆုံရာ မြစ်ဆုံအထက်၌ စုဝေးကာ ‘NO Myitsone Dam’၊ ‘ဧရာဝတီကို ကာကွယ်ကြစို့’ နှင့် ‘ပြည်သူ့အသံကို နားထောင်ပါ’ စသည့် စာသားများကို ကိုင်ဆောင်၍ မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရေးကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက ပြည်သူ့ ကန့်ကွက်မှုကြောင့် ရပ်နားထားရသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် ချီဖွေဆည်၊ လိုင်ဇာ (မလိယန်) ဆည်၊ အူဆောက်ဆည်၊ ခေါင်လန်ဖူးဆည်၊ ရီနန်ဆည်၊ ဖီဆော် ဆည်နှင့် ဧရာဝတီ မြစ်ဆုံဆည် အပါအဝင် ဆည် ၇ ခု ပါဝင်ပြီး၊ စစ်အုပ်စုက ပြန်လည် အသက်သွင်းရန် ကြိုး ပမ်းလာမှုကြောင့် ကချင်ပြည်အတွင်း လူထု ကန့်ကွက်ဆန့်ကျင်မှုနှင့် နိုင်ငံရေး ရိုက်ခတ်မှုများ ပိုမို ပြင်းထန်လာ နေသည်။

ဓါတ်ပုံ – (ပေးပို့ /ကမ္ဘာ့မြစ်ချောင်းများနေ့တွင် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးကို ဝိုင်းမော်ဒေသခံများ ကန့်ကွက်ဆန္ဒထုတ်ဖော်ကြစဉ်။)