တရုတ်က ထိုင်ဝမ်ကို ရေတပ် အင်အားဖြင့် ခြိမ်းခြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

ထိုင်ဝမ်ကျွန်းအနီး အနောက်ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံက ရေတပ်နှင့် ကမ်းခြေစောင့်တပ် သင်္ဘော အစင်းရေ ၁၀၀ ကျော်အထိ အင်အားတိုးမြှင့် ဖြန့်ကြက်ထားကြောင်း ထိုင်ဝမ်အစိုးရက ထုတ်ပြန်လိုက်သည်။

ထိုင်ဝမ် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ဂျိုးဇက်ဝူ (Joseph Wu) က တရုတ်နိုင်ငံသည် အနောက်ပစိဖိတ်ဒေသတစ်ခွင်တွင် စစ်သင်္ဘောနှင့် ကမ်းခြေစောင့်တပ်သင်္ဘော ၁၀၀ ကျော်ကို ဖြန့်ကြက်ထားသည့်အပြင် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်၌ စစ်လေယာဉ် ပျံသန်းမှုများကိုပါ သိသိသာသာ တိုးမြှင့်ဆောင်ရွက်လာကြောင်း လူမှုကွန်ရက် X စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

တရုတ်၏ စစ်ရေးဆိုင်ရာ ဖိအားပေးမှုများနှင့် ပတ်သက်၍ ထိုင်ဝမ်အနေဖြင့် မလိုလားအပ်ဘဲ ရန်စမည်မဟုတ်သလို မည်သည့် ဖိအားပေးမှုကိုမျှလည်း ဒူးထောက်အလျော့ပေးမည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ရေးလေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ တရုတ်၏ “လျှောင်နင်း” (Liaoning) လေယာဉ်တင် စစ်သင်္ဘောအုပ်စုသည် ဖိလစ်ပိုင်ပင်လယ်အတွင်း လှုပ်ရှားနေပြီး “ဖူကျန်း” (Fujian) လေယာဉ်တင် စစ်သင်္ဘောအုပ်စုသည်လည်း တောင်တရုတ်ပင်လယ်အတွင်း တပြိုင်နက်တည်း အင်အားပြ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် လွန်ခဲ့သည့် ၄၈ နာရီအတွင်း တရုတ်စစ်လေယာဉ် ၇၁ စင်း၊ စစ်သင်္ဘောနှင့် ကမ်းခြေစောင့်သင်္ဘော ၂၄ စင်းတို့သည် တိုင်ဝမ်ကျွန်းပတ်ဝန်းကျင်သို့ ဝင်ရောက်လှုပ်ရှားခဲ့ရာ စစ်လေယာဉ် ၄၅ စင်းမှာ ထိုင်ဝမ်၏ လေကြောင်းရန် ကာကွယ်ရေး စုံစမ်းထောက်လှမ်းရေးဇုန် (ADIZ) အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည်။