အမျိုးသားများ ဆိုင်ကယ်နောက်က လိုက်မစီးရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
မြိတ်မြို့နယ်တွင် ဆိုင်ကယ်နောက်တွင် အမျိုးသားများလိုက်ပါ စီးနင်းခြင်းပြုပါက သေနတ် ဖြင့် ပစ်ခတ်ခြင်းခံရမည်ဟူသော စစ်ကောင်စီ၏ အမိန့်ထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၁၅ ရက်နေ့က လိုက်လံကြေညာသည်ဟု မြိတ်မြို့ခံများ က ပြောသည်။
မြိတ်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှ တစ်ဆင့် ညွှန်ကြားချက်ကို မော်တော်ယာဉ်ပေါ်တွင် အသံချဲ့စက် တင် ကာ မြိတ်မြို့ ရပ်ကွက်များအနှံ့ လိုက်လံကြေငြာနေခြင်းဖြစ်ပြီး ထိုအမိန့်သည် နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင် ကာ အသက်ဝင်မည် ဖြစ်သည်။
မြိတ်မြို့တွင် ဆိုင်ကယ် ကယ်ရီဆွဲနေသူ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး က “ခက်တော့နေပြီ။ အခုလိုမျိုး ထုတ်ချင်တဲ့အမိန့်တွေ ထုတ်နေတာတော့ မဖြစ်သင့်ဘူးလေ။ ဆိုင်ကယ် ကယ် ရီဆွဲနေတဲ့ သူတွေအတွက် မိသားစုတွေ စားဝတ်နေရေး အများကြီး ဒုက္ခရောက် ခက်ခဲကုန်တော့မယ်။ စိတ် ဆင်းရဲ တယ်ဗျာ” ဟု ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီး အဆိုပါ အမိန့်သည် မြိတ်မြို့နယ် အတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်ကာ အသက်ဝင်မည် ဖြစ်သည်ဟု သိရသည်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် ဆိုင်ကယ်တစ်စီးအမျိုးသား နှစ်ဦး မစီးရ၊ အမျိုးသမီးတစ်ဦး နောက်တွင် အမျိုး သားတစ်ဦးလိုက်ပါ စီးနင်းခြင်းမပြုရ၊ အမျိုးသားတစ်ဦး၏ နောက်တွင် အမျိုးသမီးလိုက်ပါ စီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦး စီးနင်းနိုင်သည်ဟု ဖော်ပြထားသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၁၆ ရက်နေ့ အထိ ပညာပေးကာလအဖြစ် ခွင့်ပြု စီးနင်းခွင့် ပေး ထားကာ နိုဝင်ဘာလ ၁၆ ရက်နေ့ နှင့် ၁၇ ရက်တို့တွင် စတင်ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် လိုက်နာမှု မရှိသူများကို သေနတ်ဖြင့် ပစ်ခတ်မည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
အလားတူ စစ်ကောင်စီ၏ အမိန့်ထုတ်ပြန်ချက်ကို ထားဝယ်ခရိုင်အတွင်း နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ သည်။