ဟိုတယ် ဝန်ကြီး ယာဉ်တန်း တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။

ဧရာဝတီတိုင်း ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် စစ်ကောင်စီခန့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးနှင့် စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ယာဉ်တန်းကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဟိုတယ်/ခရီး ဝန်ကြီး ဒေါက်တာ ဌေးအောင် နှင့် ဧရာဝတီ တိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တို့လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဧရာဝတီ တိုင်း စစ်ကောင်စီရုံးဝန်ထမ်း အချို့ထံမှ စုံစမ်းသိရသည်။

ထိခိုက်တာ သေတာ ရှိလား မရှိလား သေချာတော့ မသိဘူး အပစ်ခံရတော့အမှန်ပါ” ဟု စစ်ကောင်စီရုံး ဝန်ထမ်းတစ်ဦး က ပြောသည်။

ချောင်းသာကမ်းခြေ ခရီးသွား ရာသီဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ချောင်းသာ ကမ်းခြေမြို့ Azura Hotel ကမ်းခြေရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် အပြန်ခရီးတွင် ပစ်ခတ် တိုက်ခိုက်ခံရသည်ဟု စစ်ကောင်စီရုံး ဝန်ထမ်းတစ်ဦး က ပြောသည်။

လက်နက်ကိုင် အဖွဲ့တစ်ခုက ကား ၈ စီး ပါသည့် စစ်ကောင်စီအဖွဲ့၏ ယာဉ်တန်းကို တောင်ပေါ် မှ စီးပစ်ခဲ့ရာ ကား ၇ စီးမှာ ပုသိမ်မြို့ဘက်သို့ မီးခိုး တလူလူဖြင့် မောင်းပြေးသွားသည်ဟု ဒေသခံအချို့က ပြောသည်။

အချက် ၃၀ ကျော်လောက် အတွဲလိုက် ပစ်တဲ့ အသံဗျ ပစ်ခံရတဲ့နေရာမှာ ကားမှန်ကွဲတွေ ကျန်ခဲ့တယ် လုံခြုံ ရေး ကားတစ်စီးက တောင်နံရံဘက် ဝင်ကပ်ပြီးကျန်ခဲ့တယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

ထို့သို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး နောက်ထပ် ၁ နာရီခန့်အကြာတွင် တိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာသို့ စစ်ကောင် စီ တပ်ဖွဲ့ဝင်များ၊ ရဲများ ကား အစီး ၄၀ ခန့်ဖြင့် ရောက်ရှိလာပြီး ဆိုင်ကယ်စီး ခရီးသွား လူငယ် ၆ ဦးနှင့် ရှောပြာ ကျေးရွာတွင် ပိုက်ကျော်ခြင်းသွားကစားသည့် လူငယ် ၄ ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံများ က ပြော သည်။

ပစ်ခတ်တိုက်ခိုက်သည့် သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်ခန့်က တောနင်းရှာဖွေ နေ သည်ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ကတုန်းကလည်း ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တစ်ခု လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရရှိခဲ့ပြီး ပုသိမ် ခရိုင် ပြောက်ကျား တပ်ဖွဲ့က ရဲဘော်မောင်ကျော် ကျဆုံးခဲ့သည်။