ထားဝယ်ခရိုင်အတွင်း ဒလန်ဆိုသူ တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
ထားဝယ်ခရိုင်အတွင်းတွင် ရွာသားများအား အမြဲခြိမ်းခြောက်နေ သည့် စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူ တစ်ဦး နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဖားချောင်းကျေးရွာတွင် စစ်ကောင်စီ သတင်းပေးဟု အများကပြောသူ ဦးကျော်ဦး အသက် ၅၀ နှစ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ညက ပစ်သတ်ခံလိုက်ရပြီး နေအိမ်လည်း မီးရှို့ခံလိုက်ရသည်ဟု ဒေသခံရွာသားများက ပြောသည်။
ဖားချောင်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ခေါင်းကို သေနတ်နဲ့ ပစ်သွားတာ။ နေရာ မှာတင် ပွဲချင်းပြီးပဲ။ သူသတင်းပေးလို့ ရွာထဲကလူငယ်တွေ အတော်များများ အဖမ်းခံရတာမျိုး ရှိတယ်။ ရွာ သားတွေ အပေါ်လည်း ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး တချိန်လုံး ခြိမ်းခြောက်နေတာ” ပြောသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်တွင် ဦးကျော်ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ် သတ် ခဲ့ပြီး နေအိမ်ကိုလည်းမီးရှို့သွားသည်ဟု ဒေသခံရွာသားများက ပြောသည်။
ထို့သို့ ဦးကျော်ဦး ပစ်သတ်ခံရပြီးနောက် ဖားချောင်းကျေးရွာအတွင်းက စစ်ကောင်စီသတင်းပေးများ ဖြစ်ကြ သည့် ပျူစောထီးခေါင်းဆောင် ဦးစုရွှေ နှင့် ဦးသားမဲတို့ နှစ်ဦးလည်း ထွက်ပြေးသွားသည်ဟု သိရသည်။
၎င်းတို့နှစ်ဦးကို မတွေ့သဖြင့် စစ်ကောင်စီသတင်းပေး ဦးကျော်ဦးကို ပစ်သတ်သွားသည့် အမည်မသိအဖွဲ့က ဦးစုရွှေ နှင့် ဦးသားမဲတို့၏ နေအိမ်များထဲကိုလည်း သေနတ်ဖြင့် ပစ်ခတ်သွားသည်ဟု ရွာသားများက ပြောသည်။
ထို့အပြင် နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင် အချိန်ခန့်ကလည်း ဖားချောင်းကျေးရွာကို လာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းတဝက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဘက်ပစ်ခတ်မှုများရှိခဲ့သည်ဟု သိရ သည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က ထိခိုက်သေဆုံးမှုများရှိပြီး ထိခိုက်သေ ဆုံးမှု အရေအတွက်နှင့် ဖြစ်စဉ်အသေးစိတ်ကို သတင်းမီဒီယာကွန်ယက် အနေဖြင့် သီးခြား အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။