ရပ်ကွက်အုပ်ချုပ်ရေး ရုံး ဗုံးဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ရှိ ရပ်ကွက် အုပ်ချုပ်ရေး ရုံး တစ်ရုံး ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံလိုက်ရပြီး စစ် ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့၊ ည ၇ နာရီအချိန် ခန့်က အမှတ် ၁၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်ပစ်၍ တိုက်ခိုက်ခံလိုက်ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ နှင့် ရုံးအတွင်းနေထိုင်သူ အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူအချို့က ပြော သည်။

ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “လက်လုပ်ဗုံးလို့တော့ ပြောကြတယ်။ ဒဏ်ရာရတဲ့သူတွေ တော့ ရှိတယ်” ဟု ပြောသည်။

ရုံးအပြင်ဘက်မှ ပစ်ပေါက်သွားသည့် ဗုံးမှာ အုပ်ချုပ်ရေးမှူးရုံးဝန်း အတွင်း၌ ပေါက်ကွဲခြင်း ဖြစ်သည်ဟုလည်း ရပ်ကွက်အတွင်း နေထိုင်သူအချို့က ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ရပ်ကွက်ရုံး အတွင်းရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့်အတူရှိနေသူ အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောဆိုနေကြသော်လည်း ဖြစ်စဉ် အကြောင်းအရာ အသေးစိတ်ကို မရရှိသေးပေ။

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရုံးလမ်းနှင့် မြို့တွင်းက လမ်းအချို့ကို ပိတ်ဆို့စစ်ဆေး ကာ လမ်းသွား လမ်းလာများကို သက်သေအထောက်အထား မရှိဘဲ ဖမ်းဆီးမှုများလည်းရှိနေသည်ဟု ဒေသခံ များ၏ ပြောပြချက်အရ သိရသည်။

ဖမ်းဆီးခံရသူ စာရင်းအတိအကျကိုမှု သတင်းနှင့်မီဒီယာကွန်ယက် သတင်းဌာနအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

ဓနုဖြူ မြို့ပြ ပြောက်ကျားတပ်ဖွဲ့က ရပ်ကွက်ရုံး အတွင်းရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပူးပေါင်း နေသူများကို ဗုံးဖြင့် ပစ်၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း ထုတ်ဖော် ဝန်ခံထားသည်။

စစ်ကောင်စီအဖွဲ့ကမူ အဆိုပါ ပေါက်ကွဲမှုနှင့် ပါတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ဓနုဖြူမြို့ရှိ ရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်း အနီးတွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ပြီးနောက် စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူအချို့ကို ဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပေ။