တနိုင်းစစ်ရှောင်များ နေရပ်ပြန်ရန် စီစဉ်ပေးမည်ဟု ပြည်နယ်ကောင်စီ အကြောင်းကြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။
ကချင်ပြည်နယ်၊ တနိုင်းဒေသရှိ စစ်ဘေးရှောင်စခန်းများ ဖြုတ်သိမ်းပြီး၊ စစ်ရှောင်များကို နေရပ်ပြန်နိုင်ရေး စီစဉ် ပေးမည်ဟု ပြည်နယ်အစိုးရက မြို့နယ်ကို အကြောင်းကြားလာသည်ဟု စစ်ရှောင်များနှင့် စစ်ရှောင် ကော် မတီ တာဝန်ရှိသူများက ပြောသည်။
တနိုင်းမြို့အတွင်း စစ်ရှောင် ၁၆၀၀ နီးပါးကို နေရပ်ပြန်ပို့ရန် ပြည်နယ်အစိုးရက စာပို့အကြောင်းကြားလာခြင်း ဖြစ်သည်ဟု ပြောသည်။
ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ (တနိုင်း) က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ပြည်နယ်တွေကနေ မြို့နယ်ကို ညွှန်ကြားတယ်လို့ ပြောတယ်။ သူတို့ကတော့ နေရပ်ပြန်မယ့်ဘူတွေ ဘယ်သူ ရှိသလဲပေါ့။ ပြန်မယ့်သူတွေကို ဘာတွေကူညီပေးရမလဲ စက်လှေတွေစီစဉ်ပေးရမလား။ စားဖို့၊ သောက်ဖို့ ဘယ်နှစ်လစာလောက် စီစဉ်ပေးရမလဲ။ အဲဒါကို လူဦးရေစာရင်း မြန်မြန်ပို့ပေးပါ ဆိုပြီးတော့မှ ပြောတယ်” ဟု ပြောသည်။
ပြည်နယ်အစိုးရက စစ်ရှောင်များ နေရပ်ပြန်ပို့ရေးကိစ္စ အကြောင်းကြားစာထဲတွင် မည့်သည့်နေ့ရက်၊ မည့်အချိန် ခါတွင် အပြီးပြန်ရမည်ဆိုသည့် ရက်အကန့်အသတ် တစ်စုံတစ်ရာ မပါဘူးဟု ဆိုသည်။
သို့သော် “ဒီမြို့နယ်ရေးမှူး ပြောတာကတော့ Camp ကတော့ တနည်းမဟုတ်ရင် တနည်း တနေ့တော့ ဖျက် သိမ်းရမယ်ပေါ့။ အဲလိုမျိုးတော့ သူက ပြောတာပဲ။ ဒါကတော့ပြည်နယ်က ပြောတာလား၊ တကယ်ပဲ ပြည်နယ် ကနေ ညွှန်ကြားတာလားတော့ မသိဘူးပေါ့” ဟု တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးက စစ်ရှောင်စခန်း တာဝန်ရှိ သူ များကို ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပြည်နယ်အစိုးရက တနိုင်းစစ်ရှောင်များကို နေရပ်ပြန်ရေး ပြောလာသော်လည်း စစ်ရှောင်များ၏ နေရပ်ပြန်ရေး ကိစ္စရပ်မှာ လက်ရှိနိုင်ငံရေးအခြေအနေအရ လုံးဝမဖြစ်နိုင်သေးဘူးဟု စစ်ရှောင်ပြည်သူများက ပြောသည်။
“နေရာတွေကလည်း အခုက လုံခြုံရေးလည်း လွတ်လွတ်လပ်လပ်သွားလာလို့ ရတဲ့နေရာတွေ မဟုတ်ဘူး။ လမ်းတွေလည်း ပိတ်ထားတာကိုး။ ပြန်ခိုင်းမယ်ဆိုလို့ရှိရင်တော့ လမ်းတွေ သွားရေး၊ လာရေး၊ လုပ်ကိုင်စား သောက်ဖို့ အခွင့်အလမ်းတွေ၊ ဟိုဘာမှအရမ်းကြီး မဖန်တီးပေးရင်တောင်မှ လွတ်လွတ်လပ်လပ် သွားလာခွင့်၊ လွတ်လွတ် လပ်လပ် လုပ်စားကိုင်ခွင့်တွေ ရှိတယ်ဆိုရင်ကတော့ ပြည်သူလူထုတွေကတော့ သူတို့ဒေသကို ပြန် ချင်တာ အားလုံးပါပဲလေ။ အစိုးရအနေနဲ့ လမ်းဖွင့်ပေးပြီးတော့မှ ကဲသွားကြလာကြ၊ အခုက ဘာမှ ကြောက် စရာ မလိုတော့ဘူး။ လွတ်လွတ်လပ်လပ်၊ နေ့ရော၊ ညရော ဒီလိုမျိုးသွားလာနေနိုင်တဲ့ အခြေအနေမျိုးဆိုရင် တော့ ပြန်မှာပဲဟုတ်တယ်။”
စစ်ရှောင်များနေရပ်ပြန်ရေး စက်လှေ၊ အစားအသောက်၊ ရိက္ခာပြင်ပေးရုံဖြင့် အဆင်မပြေကြောင်း၊ အထူးသဖြင့် ဒေသအတွင်း လုံခြုံရေးကို အာမခံပေးမှာသာ စစ်ရှောင်များ နေရပ်ပြန်၍ ရနိုင်သည်ဟု ဆိုကြသည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ၊ တနိုင်း-လီဒိုလမ်းတလျှောက်နှင့် တနိုင်းမြို့နယ်အတွင်းက စစ်ရေး အခြေအနေများ၊ နယ်မြေအခြေအနေများကြောင့် စစ်ရှောင်များအား နေရပ်ပြန်ပို့ရန် စီစဉ်ခြင်းသည် စစ်ရှောင် စခန်းများ ဖြုတ်သိမ်းရေးအတွက် အဖြေမဟုတ်ဘူးဟု ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ရှောင် ကူညီစောင့်ရှောက် ရေးကော်မတီ (တနိုင်း) တာဝန်ရှိသူများက ပြောသည်။
တနိုင်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်ရေးကိစ္စ ပြည်နယ်အစိုးရဆီက အကြောင်းကြားစာမှာ ဇူလိုင်လ ၂၃ ရက်နေ့ရက်စွဲဖြင့် စာဖြစ်သည်ဟု သိရသည်။ သို့သော် မည့်သည့်နေ့ရက် နောက်ဆုံးထားပြန်ရ မည် ဆိုသည့် ကန့်သတ်မှုမျိုးမပါဘူးဟု ဆိုသည်။
တနိုင်းမြို့နယ်အတွင်း COC(ခရစ်တော်၏ အသင်းတော်) camp၊ RC (ရိုမန်ကက်သလစ်) camp၊ KBC (ကချင် နှစ်ခြင်း) camp စသည့် စစ်ရှောင်စခန်းနေရာ သုံးနေရာတွင် စစ်ရှောင်ပြည်သူ လူဦးရေ ၁၆၀၀ နီးပါးခန့် ရှိသည်။
ထိုစစ်ရှောင်များမှာ အောင်လောဒ့်၊ နမ့်ခမ်၊ အင်ခါးဂါး၊ ဝွယ်လော၊ ခန်းကရာ စသည့် ကျေးရွာများက ပြည်သူများ ဖြစ်ပြီး စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများကြောင့် တနိုင်းမြို့နယ်အတွင်း က စစ်ရှောင်စခန်းနေရာ ၃ နေရာတွင် ၂၀၁၇ ခုနှစ်က စစ်ဘေးရှောင်လာကြသူများ ဖြစ်သည်။
ဓါတ်ပုံ – Joseph