ပူတာအိုတွင် အရေပြားရောဂါ တစ်မျိုး ကူးစက်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

ကချင်ပြည်နယ်၊ မြောက်ဖျားပိုင်းက ပူတာအိုမြို့နယ်တွင် ကလေးငယ်တွင် ဖြစ်ပွားနေသည့် အရေပြား ရော ဂါမှာ ယခုအခါ လူကြီးများကိုပါ ကူးစက်လာနေသည်ဟု ဒေသခံများက ပြောသည်။

ပူတာအိုမြို့နယ်အတွင်းက ကျေးရွာများအပြင်၊ မြို့ပေါ်ရပ်ကွက်များအထိ ကူးစက်မှု ဖြစ်ပွားလာနေသည့် အဆိုပါ အရေပြားရောဂါတစ်မျိုးမှာ လူကြီးများပါ ဩဂုတ်လ နောက်ဆုံးပတ်က စတင်၍ ဖြစ်ပွားသည်ဟု သိရသည်။

ပူတာအို ဒေသခံတစ်ဦးက “အခုလိုဖြစ်တာက ကလေးတွေမှာ ပိုဖြစ်များတယ်။ စဖြစ်လာရင် အဖျားတက်တယ် ကိုယ်ပေါ်မှာ နီပြီး ဖူးယောင်ပြီး အဖုလိုလို ယားနာလိုပုံစံနဲ့ ယားတယ်၊ ပြီးရင် နာလာတယ်၊ ဘာရောဂါလည်း ဆိုတာ အခုချိန်ထိ မသိသေးဘူး” ဟု ပြောသည်။

ကနဦးဖြစ်စတွင် အသက် ၅ နှစ်အောက် ကလေးများတွင် အဖြစ်များခဲ့ရမှာ နောက်ပိုင်းတွင် အသက် ၁၀ အောက်ကလေးများကိုပါ ကူးစက်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်ခန့်မှ စတင်၍ လူကြီးများပါ အဆိုပါ အရေပြားရောဂါ ဖြစ်ပွား လာသည်ဟု ပူတာအို ဒေသခံများက ပြောသည်။

ပူတာအိုဒေသအတွင်း ယခုနှစ် ဇွန်လတုန်းကလည်း အိမ်မွေးတိရိစ္ဆာန်များထဲက နွားများ၏ ကိုယ်ခန္ဓာတစ်လုံး တွင် အဖုအပိန့်များ ထွက်ပြီး ရောဂါတမျိုး ဖြစ်ပွားခဲ့ရာ နွားသေဆုံးမှုများအထိရှိခဲ့ပြီးနောက် ယခုတွင် လူများ တွင် အရေပြားယားယံသည့် ရောဂါမျိုး ထပ်ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်က ဒေသခံတစ်ဦးက “ကျနော်တို့ ပူတာအိုမှာ လွန်ခဲ့တဲ့ ၆ လပိုင်း က တည်းက နွား၊ ဝက် တွေမှာ အနာရောဂါတွေဖြစ်လို့ စျေးထဲမှာ အသားမရာင်းဖို့ ပြောထားတယ်။ ဒီ ၈လပိုင်း မှ ပြန်ရောင်းကြတာ။ တချို့အိမ်က နွားတွေ ဖျားနာပြီဆိုရင် သတ်ပြီး စျေးထဲမှာ ရောင်းတော့ ဝယ်စားမိပြီး ကူး တာမျိုးလာပေါ့။ ကျနော်တို့လည်း မပြောတတ်ဘူးနော်။ အဲ့ဒါတွေစားမိပြီး အခုလို လူတွေမှာ ကူးလာတာမျိုး လားဆိုပြီး အများစုက အဲ့လိုထင်ကြတာ ဟုတ်တယ်” ဟု ပြောသည်။

ပူတာအို မြို့နယ်ထဲက ကျေးရွာ၊ ရပ်ကွက်များတွင်းရှိ ကလေးများ၏ လူဦးရေ ထက်ဝက်ကျော် အဆိုပါ အရေးပြားယားယံပြီး အဖုအပိန့်များထွက်သည့် ရောဂါတစ်မျိုးကို ခံစားနေရသည်ဟု ဒေသခံများက ပြောသည်။

အချို့မှာ ဆေးရုံ၊ ဆေးန်းသွားပြကြသော်လည်း ဆေးရုံ၊ ဆေးခန်းများက ဆရာဝန်နှင့် သူနာပြုများက မည်သည့် ရောဂါဆိုသည်ကိုလည်း တိတိကျကျ မပြောပြနိုင်သလို သောက်ဆေးသာပေးပြီး အိမ်ပြန်ခိုင်းသည်ဟု ဆိုကြ သည်။

ပူတာအိုမြို့နယ်အတွင်းက ကျေးရွာများအပြင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကောင်ကထောင်၊ ဒုတ္ထန်၊ လုံဇွတ် ရပ်ကွက်များတွင်ပါ ကူးစက်မှုများ ဖြစ်ပွားလာနေသည်ဟု သိရသည်။

သို့သော် သက်ဆိုင်ရာ ကျန်းမာရေးဌာနအနေဖြင့် နွားများတွင် ဖြစ်ပွားခဲ့သည့် အရေးပြားရောဂါဖြစ်ပွားချိန် ယခုနှစ် ဇွန်လမှ ယခုဩဂုတ်လအကုန်အထိ တစ်စုံတစ်ရာ လာရောက်ဆေးစစ်ပေးခြင်း၊ အသိပညာပေးခြင်း မရှိသေးဘူးဟုလည်း ပူတာအို ဒေသခံများက ပြောသည်။

ဓါတ်ပုံ – KNG သတင်းဌာန