တနင်္သာရီရှိ စစ်ကောင်စီ ဂိတ် တစ်ခု တိုက်ခိုက်ခံရ၊ ၂ ဦးသေ တစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အုပ်စု၊ ညောင်ပင်ကွင်းကျေးရွာ တံတားရှိ စစ်ကောင်စီစစ်
ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး အရာခံဗိုလ်တစ်ဦး အပါအဝင် ၂ ဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိသွား ခဲ့သည်ဟု ရွာသားများက ပြောသည်။
ညောင်ပင်ကွင်းကျေးရွာ အရှေ့ကမ်းနှင့် အနောက်ကမ်းကို ဆက် သွယ်ထားသည့် တံတားစစ်ဆေးရေးဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၅ နာရီခန့်က လာရောက် တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။
တိုက်ခိုက်ခံရသည့် တံတားစစ်ဆေးရေးဂိတ်တွင် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခမရ – ၅၆၁ တပ်ရင်းမှ စစ်ကောင်စီတပ်နှင့် ဗျူစောထီးအဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးကာ ငွေကြေးကောက်ခံလေ့ရှိကြောင်း ရွာသား တစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာရာ လမ်းကြောင်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည့်အပြင် လမ်းသွားလမ်းလာများကိုလည်း ယခင်ကထက် အစစ်
အဆေး ပိုမိုတင်းကြပ်နေခဲ့သည်။
၅၆၁ တပ်ရင်းနှင့် နီးစပ်သူ မျက်မြင်တွေ ရှိခဲ့ရသည့် ရွာသားတစ်ဦးက “ဒဏ်ရာရတဲ့ စစ်သားနှစ်ဦးကို တပ်ရင်း ထဲကို သယ်လာပြီးမှ တစ်ဦးက သေသွားတယ်။ အရာခံဗိုလ်ကတော့ တံတားမှာကတည်းက ကျည်ထိမှန်ပြီး ပွဲ ချင်းပြီး သေသွားတာ။ နှစ်လောင်းစလုံး တပ်ရင်းထဲမှာပဲ မြှုပ်လိုက်တယ်” ဟု ပြောသည်။
ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်ကို စစ်အာဏာသိမ်းပြီးချိန် ကတည်းက ယခုအချိန်ထိ ပြည်သူ့ကာ ကွယ်ရေးတပ်များ ဘက်မှ ငါးကြိမ်ထပ်မနည်း လာရောက်တိုက်ခိုက်ခြင်း ခံခဲ့ရဘူးသည်ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။
တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်များ ဖြစ်သည့် မြိတ်ခရိုင်တပ်ရင်း (၂)၊ ဘက် မလိုက်ပြောက်ကျားတပ်ဖွဲ့ (တနင်္သာရီ ပကဖ)၊ SWDF (တနင်္သာရီ – ပကဖ) တပ်ဖွဲ့တို့ ပူးပေါင်းကာ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာပင် ဘက်မလိုက် ပြောက်ကျား တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
နာရီဝက်ခန့်အကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် နှစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည် ဟု ဖေါ်ပြထားသည်။