မြိတ်မြို့လေပြင်းကြောင့် အိမ် ၃၀ နီးပါး ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

မြိတ်မြို့တွင် လေပြင်းများတိုတ်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် နေအိမ် ၃၀ နီးပါး ပျက်စီးခဲ့ကာ နေရာအချို့တွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့၊ ညပိုင်းမှစ၍ စက်တင်ဘာလ ၂၈ရက်နေ့၊ မွန်းလွဲပိုင်း အချိန်ထိ လေပြင်း တိုက်ခတ် ခြင်းများနှင့် အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ဖြစ်သည်။

နယ်မြေအုပ်ချုပ်ရေးမှုးရုံး တာဝန်ရှိသူတစ်ဦးက “နေအိမ်ပျက်စီးသွားတဲ့ သူတွေကို မြိတ်ခရိုင် သဘာဝဘေး အန္တ ရာယ် စီမံခန့်ခွဲမှုအဖွဲ့က ယာယီနေရာထိုင်ခင်းနဲ့ ကူညီထောက်ပံ့ရေး ပစ္စည်းတွေရရှိဖို့ စီစဥ်ပေးနေပါတယ်” ဟု ပြောသည်။

တစ်ညလုံး အဆက်မပြတ် ရွာသွန်းခဲ့သည့် မိုးကြောင့် မြေနိမ့်ပိုင်းနေရာများဖြစ်သည့် ကန်ဖျားရပ်ကွက် မြေနီ လမ်း၊ ကန်ဇွန်းအင်း၊ မြို့သစ်ရပ်ကွက်၊ တိုးချဲ့ရပ်ကွက်စသည့် နေရာအများစုတွင် ရေကြီးရေလျှံများဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်းအချို့ ပိတ်ထားခဲ့ရသည်။

လေပြင်း တိုက်ခတ်ခြင်းကြောင့် မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၃) ရပ်ကွက်အတွင်းရှိ စေတနာလမ်း၊ ခူဒိုင် လမ်း၊ ခေမာလမ်း၊ အောင်ဆန်း (၁) လမ်းနှင့် အောင်ဆန်း (၂) လမ်းတို့မှ လူနေအိမ်စုစုပေါင်း အလုံးရေ ၃၀ နီးပါး ပျက်စီးသွားခဲ့သည်ဟု နယ်မြေအုပ်ချုပ်ရေးမှုးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၉ နာရီခန့်ကလည်း စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ ပုလဲ သွယ်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်ပေါ်သို့ တောင်မြေပြိုကျခဲ့သဖြင့် လူနှစ်ဦး ပိတ်မိခဲ့သေးသဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ပေးခဲ့ရကြောင်း ရွာသားများက ပြောသည်။

တောင်မြေပိသည့်နေအိမ်မှ အမျိုးသမီးကြီးတွင် နံရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် (ယောက်ကျားလေး)၏ ခြေထောက်၌ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် မြိတ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြရသည်။

တောင်မြေများ ဆက်လက်ပြိုကျနိုင်သည့်အတွက် နေအိမ်အချို့အား ပြောင်းရွှေ့ခိုင်းထားရသည်။

တနင်္သာရီတိုင်းတွင် နောက်နှစ်ရက်အတွင်း မိုးပိုမိုရွာသွန်းလာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။