CDM ဆရာဝန် ဇနီးမောင်နှံကို အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ကြံခင်းမြို့တွင် CDM ကျန်းမာရေး ဝန်ထမ်းဇနီးမောင်နှံကို စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများက ဖမ်း ဆီးသွားပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အမှူဖွင့်ခံထားရသည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများ က ပြောသည်။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်တွင် နေထိုင်သည့် CDM ကျန်းမားရေး ဝန်ထမ်း ကြီးကြပ် ၂ အမျိုး သားတစ်ဦးနှင့် ဇနီးဖြစ်သူ သားဖွားဆရာမတို့ကို တရားမဝင် ဆေးကုသနေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးကာ အမှုဖွင့်ခံရခြင်း ဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူများကပြောသည်။
ရွာသစ်ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက “နှစ်ယောက်လုံး အသက်က ၂၅ နှစ် ၂၆ နှစ်လောက်ပဲ ရှိကြသေး တယ်။ ဒလန်က CDM ဆိုပြီး သတင်းပေးလို့ အဖမ်းခံရတာ။ ဘာဆေးမှလည်း မကုပါဘူး။ ရပ်ကွက်ထဲ ခပ်အေး အေးပဲ နေကြတာပါ” ဟု ပြောသည်။
ထို CDM ကျန်းမာရေးဝန်ထမ်း ဇနီးမောင်နှံကို စက်တင်ဘာလ ၂၃ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်တွင် စစ်ကောင် စီ လက်အောက်ခံ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်က နေအိမ်ကို ပိတ်ဆို့ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ရပ် ကွက်အတွင်း နေထိုင်သူအချို့က ပြောသည်။
“နှစ်ယောက်လုံးကို ကြံခင်းမြို့မ ရဲစခန်းထဲမှာ စစ်ကြောရေး လုပ်ခံနေတယ်လို့ သိရတယ်။ ဖမ်းသွားပြီးထဲက နှစ်ရက်ရှိနေပြီ။ တွေ့ခွင့်မရသေးဘူး။ ဘယ်လောက်များ နှိပ်စက်နေရခံနေရလဲ မသိဘူး။ စိုးရိမ်မိတယ်” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။
ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဖမ်းဆီးခံထားရသည့် CDM ကျန်းမာရေး ဝန်ထမ်း ဇနီးမောင်နှံကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုထားသည်ဟု ပြောသည်။
“အခုအချိန်မှာ CDM ဝန်ထမ်းမှရယ် မဟုတ်ဘူး။ ဘယ်သူဖြစ်ဖြစ် မလုံခြုံတော့ဘူး။ အကြောင်းတစ်ခုခုနဲ့ အဖမ်းခံရနိုင်တယ်။ အဲ့လို အဖမ်းရရင်လည်း ငွေလိုက်နိုင်ရင် လွတ်မယ်။ မပေးနိုင်ရင်တော့ အကြမ်းဖက်သမား ထောက်ပို့ သမားဆိုပြီး ပုဒ်မတပ် တရားစွဲခံမှာပဲ” အသက် ၆၀ ကျော် မြို့မိမြို့ဖတစ်ဦးကပြောသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပျူစောထီးများကို စက်တင်ဘာလဆန်းမှ စတင် ၍ CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို စုံစမ်းရန် စစ်ကောင်စီ၏ မြို့နယ်ထွေအုပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ညွှန်ကြားထားသည်။
ထို့အပြင် ရခိုင်ရိုးမနှင့် ထိစပ်နေသည့် ကျေးရွာများအတွင်းအပြင် တောင်ရိုးနှင့် တောစပ်များအတွင်း စစ်ကြောင်း ထိုး မွှေနှောက်မှုများကို ဇူလိုင်လမှ စတင်ကာ တစ်လလျှင် အနည်ဆုံး နှစ်ကြိမ်ခန့် လုပ်ဆောင်နေသည်။