လျှပ်စစ်မီးခများ သုံးစွဲထားသည်ထက် ပိုမို ကောက်ခံဟု သုံးစွဲသူများ စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ပုသိမ်မြို့တွင် လျှပ်စစ်ဓါတ်အားခများကို အမှန်တကယ် သုံးစွဲထားသည့် ယူနစ်ထက် ကျော်လွန်ကာ ငွေကောက် ခံခြင်းများ ပြုလုပ်နေသည်ဟု လျှပ်စစ်သုံးစွဲသူများက ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် လျှပ်စစ်ဓါတ်အားခများကို သုံးစွဲထားသည့် ယူနစ်ထက် ပိုမိုကာ ငွေတောင်းခံလွှာ တွင် စာရင်းရေးသွင်းပြီး လစဉ်တောင်းခံခြင်းများ ပြုလုပ်နေသည်ဟု ပုသိမ်မြို့မှ လျှပ်စစ်မီးသုံးစွဲသူများက ပြောသည်။
အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူတစ်ဦး က “သုံးတာက လတိုင်း ပုံမှန်သုံးနေကျ အတိုင်း သုံးတာပဲ။ အစ စ ဈေးကြီးနေတော့ ပိုပြီးတောင် မီးကို ချွေတာသုံး သေးတယ်။ ဒါလောက် မီးပျက်နေတဲ့ကြားက မီတာခက နှစ်ဆ တိုးသွားတာ” ဟု ပြောသည်။
မြို့နယ် လျှပ်စစ်ရုံးသို့သွား၍ မီတာခ များလွန်းနေသဖြင့် ပြန်လည်စိစစ်ပေးရန် ပြောရာ အသုံးပြုထားသဖြင့်သာ မီတာတက်ခြင်း ဖြစ်ကြောင်း မီတာကို ဓာတ်ပုံရိုက်၍ ယူလာပြီး ပြရန် ပြောကြောင်း အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူများ က ပြောသည်။
သို့သော် အဆိုပါ မီတာဘောက်ကို လမ်းဘေးဓါတ်တိုင် ပေါ်တွင်ထားခြင်း ဖြစ်၍ ဓါတ်ပုံရိုက်ရန် မဖြစ်နိုင်ကြောင်း မီတာဖတ်သူများပင် ဓါတ်တိုင်အောက်ရှိ စက်နှင့်သာ ဖတ်ခြင်းဖြစ်ရာ မှားသည်မှန်သည်ကို သူတို့သာ သိနိုင်မည် ဟု ပြောသည်။
ဥမ္မာဒန္တီအိမ်ယာတွင် နေထိုင်သူတစ်ဦးက “မီတာခ အရမ်းများလွန်နေလို့ မီတာစာရွက် လာပေတဲ့နေ့မှာ မီတာကို ဓါတ်ပုံသွားရိုက်တာ။ ငွေတောင်းခံဖြတ်ပိုင်းမှာ ရေးထားတာနဲ့ ယူနစ် ၅၀ ကျော်ကွာနေတယ်” ဟု ပြောသည်။
မီတာများကို တိုက်လှေခါးအောက်တွင် ရှိ၍ ဓါတ်ပုံရိုက်ပြီး သက်သေပြနိုင်ခြင်း ဖြစ်သော်လည်း ယခုလအတွက် မှားသည့်အတိုင်းသာ ငွေပိုပေးဆောင်ခဲ့ရသည်ဟု ဆက်ပြောသည်။
“မှားနေတာကို ချက်ချင်းပြင်မပေးပဲ နောက်လမှ စာရင်းညှိပြီး လျှော့ပေးမယ်ဆိုတာဟာ သာမန်ကြည့်ရင် မှန် တယ်လို့ ထင်ရတယ်။ သုံးစွဲယူနစ်ပေါ် လိုက်ပြီး နှုန်းထားအလိုက် ငွေတွက်တာဖြစ်လို့ ပိုတွက်ထားတဲ့ငွေဟာ ခိုးယူခံလိုက်ရတာပဲ” ဟု စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ်သည်။
ဓါတ်အားခ ကောက်ခံနှုန်းမှာ (၁ မှ ၃၀) ယူနစ်အထိ ၃၅ ကျပ်၊ (၃၁ မှ ၅၀) ယူနစ်အထိ ၅၀ ကျပ်၊ (၅၁ မှ ၇၅) ယူနစ်အထိ ၇၀ ကျပ်၊ (၇၆ မှ ၁၀၀) ယူနစ်အထိ ၉၀ ကျပ်၊ (၁၀၁ မှ ၁၅၀) ယူနစ်အထိ ၁၁၀ ကျပ်၊ ( ၁၅၁ မှ ၂၀၀) ယူနစ်အထိ စသဖြင့် စျေးနှုန်းကို အဆင့်ဆင့် သတ်မှတ်ထားခြင်း ဖြစ်သည်။
စီးပွားရေးကျွမ်းကျင်သူ တစ်ဦးက ယခု ၅၀ ယူကျသင့်သူ တစ်ဦးထံမှ ၁၀၀ ယူနစ်အတွက် ပေးချေရလျှင် ငွေ ၄၀၀၀ ကျပ် ပိုပေးရခြင်းဖြစ်ပြီး၊ နောက်လတွင်သုံးစွဲသည့် ကျသင့် ယူနစ် ၅၀ ကို နှတ်ပြီးစာရင်းညှိလိုက်သဖြင့် ငွေမပေးဆောင်ရသော်လည်း ငွေ ၁၄၅၀ ကျပ် ခိုးယူခံရလိုက်သည်ဟု တွက်ပြ ပြောဆိုသည်။
ပုသိမ်မြို့တွင် လျှပ်စစ်ဓါတ်အားသုံးစွဲသူများကို ဓာတ်အားခ တစ်လစာ ပေးဆောင်ခြင်း မရှိပါက ချက်ချင်း မီတာ ဖြုတ်သိမ်းခြင်းများကိုပါ လိုက်လံလုပ်ဆောင်နေသည်။
မီတာခ အကြွေးကျန်ရှိသဖြင့် မီတာဘောက် ဖြုတ်သိမ်းခံရပြီး ပြန်လည်တပ်ဆင်လိုပါက လျှပ်စစ်မီတာ ဓါတ် အားခ ကြွေကျန် ၊မီတာဆက်ခနှင့် မီတာသတ်မှတ်ကြေးများကိုပါ ပေးသွင်းရမည်ဟု မြို့နယ် လျှပ်စစ်အင်ဂျင်နီ ယာရုံး က ကြေငြာထားသည်။