ဧရာဝတီတိုင်းအတွင်း အကြမ်းဖက် ပုဒ်မဖြင့် စွပ်စွဲခံရသူ ၃ ဦးကို သေဒဏ် အမိန့်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။

ဘိုကလေးမြို့နှင့် မအူပင်မြို့တို့မှ အကြမ်းဖက် ပုဒ်မများဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသူ ၃ ဦးကို ဖျာပုံခရိုင် တရားရုံးက သေဒဏ်အမိန့်ချလိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

ယခု သေဒဏ်ချမှတ်ခံရသူများမှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာနေ ဦးဝင်းဌေး၊ ပျဉ်း မကုန်းကျေးရွာနေ ကိုကျော်မိုးလွင်နှင့် မအူပင်မြို့နယ်မှ ကိုဝေယံကျော်တို့ကို ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာ အေး က စက်တင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများ က ပြောသည်။

သေဒဏ်ချမှတ်ခံရသူတစ်ဦးက မိသားစုဝင်က “အဖမ်းခံထားရတာ တစ်နှစ်ခွဲလောက်ရှိပြီ။ တခြား အကြမ်းဖက် ပုဒ်မ‌တွေနဲ့လည်း နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရသေးတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအေးကိုနှင့် ဇနီးတို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဦးအေးကိုနှင့်ဇနီးတို့ သေနတ်ဖြင့် ပစ်ခံရပြီးနောက် စစ်ကောင်စီ လက်အောက်ခံ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ က ဘိုကလေးမြို့နယ်မှ ဦးဝင်းဌေး၊ ကိုကျော်မိုးလွင်နှင့် မအူပင်မြို့နယ်မှ ကိုဝေယံကျော်တို့ကို စွပ်စွဲဖမ်းဆီးခဲ့ ခြင်း ဖြစ်သည်။

တရားရုံးနှင့် နီးစပ်သူတစ်ဦးက “ကိုဝေယံကျော်ကို မအူပင်ခရိုင် တရားရုံးက ထောင်ဒဏ် ၁၇ နှစ်နဲ့ နောက်ထပ် နှစ် ၃၀ ချထားတယ်။ အခုဖျာပုံခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်နဲ့ သေဒဏ်အမိန့်ချတာ။ သူတို့ ၃ ယောက် လုံးကို ပုဒ်မ ၃၀၂-၁(ခ)နဲ့ သေဒဏ်ချလိုက်တာ” ဟု ပြောသည်။

ကိုကျော်မိုးလွင်ကိုလည်း ယခင်ကတည်းက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ပြီးဖြစ်ကာ ဦးဝင်းဌေးကိုလည်း အခြား ပုဒ်မများနှင့် စစ်ဆေးရန် အမှုများ ဆက်ကျန်ရှိနေသေးသည်ဟု သေဒဏ်ချခံလိုက်ရသည့် မိသားစုများနှင့် နီးစပ်သူများက ပြောသည်။

အကျဉ်းထောင်ဝန်ထမ်း တစ်ဦးက သေဒဏ်ချခံထားရသူ ဦးဝင်းဌေး၊ ကို‌ဝေယံကျော်၊ ကိုကျော်မိုးလွင်တို့ကို ဖျာပုံအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်သွားမှာ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ဘိုကလေးမြို့တွင် အကြမ်းဖက် သတ်ဖြတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထားရသည့် လူငယ် ၄ ဦးကို ဖျာပုံခရိုင် တရားရုံး က သေဒဏ်အမိန့်ချခဲ့သည်။