စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က အရပ်သား တစ်ဦးကို ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။

စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသည့် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ လမ်းကြောင်းဖြစ်သည့် လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေသည့် ပြင်း ငယ်ကျေးရွာသား အသက် ၁၈ နှစ်အရွယ် ကိုအောင်ဖြိုးကိုအား ပစ်သတ်ခဲ့ပြီးနောက် အခြား အမျိုးသား နှစ်ဦးကို လည်း လမ်းပြအဖြစ် ဖမ်းဆီးသွားကြသည်။

အသက် ၄၀ခန့်အရွယ် ရှပ်ပုံရွာသားတစ်ဦးက “အင်္ကျီအမဲရောင်ဝတ်ထားလို့ ပစ်တာလို့ ပြောဆိုသံတွေ ကြားရ တယ်။ ကိုစိုးသန့်နဲ့ ကိုကြာရိုးတို့ နှစ်ယောက်ကိုလည်း လမ်းပြပေးဖို့ ဖမ်းခေါ်သွားသေးတယ်” ဟု ပြောသည်။

လယ်ကွင်းအတွင်း ပစ်သတ်ခံရသည့် ကိုအောင်ဖြိုးကို၏ ဦးခေါင်းဘယ်ဘက် နားထင်တွင် သေနတ်ကျည်ထိ မှန်ထားသည့် ဒဏ်ရာတွေ့ရှိရကြောင်း ရွာသားများက ဆိုသည်။

၎င်းအား စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က စစ်ကောင်စီစစ်ကြောင်းက ပစ်သတ်သွားခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကြောင်းထိုးလာရာ လမ်းတစ်လျှောက်တွင် တွေ့ရသူများ၏ ဖုန်းများကိုလည်း စစ်ဆေးခြင်းများ ပြု လုပ်ခဲ့ကြပြီး၊ သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ခြင်း ခံရသည့် ရွာသားအချို့လည်း ရှိခဲ့ကြောင်း ဒေသခံ ရွာသား များက ပြောသည်။

စစ်ကောင်တပ်မှ လမ်းပြအနေဖြင့် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦးကို ဝါးတန်းရပ်ကွက် ဘုန်းကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီးချိန် ပြန်လွှတ်ပေးခဲ့ကြောင်း ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဝါးတန်းဘုန်းကြီးကျောင်း တောင်ကုန်းပေါ် တွင် စစ်ကောင်စီ တပ်မှ လက်နက်ကြီး တပ်ဆင်ထားပြီး တပ်ဖွဲ့ဝင် ၁၀ ဦးခန့်နှင့် ပျူစောထီးအဖွဲ့များ ပူးပေါင်းကာ တပ်စွဲနေထိုင် လျက်ရှိနေသည်ဟု ရွာသားများက ပြောသည်။

စစ်ကြောင်း ထိုးရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်တင်ဘာလ ၃၀ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က မြေတင်ကားနှစ်စီးဖြင့် ရှပ်ပုံကျေးရွာနှင့် ၃ မိုင်ခန့်သာ ကွာဝေးသည့် မကျည်းကုန်းကျေးရွာဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့သဖြင့် လက်ရှိတွင် ယခင်က ပုံမှန်ရှိနေကျ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များသာ ကျန်ရှိတော့ကြောင်း ရွာသားများက ပြောသည်။