ပုလောတွင် အုပ်ချုပ်ရေးမှူးဟောင်းတဦးနှင့် အရပ်သားနှစ်ဦးကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောမြို့ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သူ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး အပါအဝင် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်က အသက် ၄၅ နှစ်အရွယ်၊ ဦးသန်းထွန်းလေး နှင့် အသက် ၃၅ နှစ်အရွယ် ကိုသက်ကိုတို့ နှစ်ဦးကို ဇန္နဝါရီလ ၂၀ ရက်နေ့၊ ည ၉ နာရီခန့်က နေအိမ်အသီးသီးတွင် ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ဦးသန်းထွန်းလေးမှာ NLD အစိုးရ လက်ထက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ဖူးပြီး ကိုသက်ကိုက ဘေးတွဲတက္ကစီ မောင်းနေသူ ဖြစ်သည်ဟု အမှတ် ၂ ရပ်ကွက်နေ ပြည်သူများက ပြောသည်။

ဖမ်းဆီးသွားသူ နှစ်ဦးကို ပုလောရဲစခန်းနှင့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၂၈၅ တို့ ရှိနေသည့်ဘက်ကို ကားဖြင့် ခေါ်ဆောင်သွားခဲ့သည်။

အသက် ၄၀ ခန့်အရွယ် မြို့ခံအမျိုးသား တစ်ဦးက အိမ်စီးကားနဲ့ လာဖမ်းသွားတာ။ လက်နက်တွေ စစ်ဝတ် စစ်စားအစုံနဲ့ ခုနှစ်ယောက်၊ ထွေအုပ်ရုံးက ဝန်ထမ်း တစ်ယောက်လည်း ပါသေးတယ်၊ စရဖရုံး ဝင်စီးခံရတဲ့ ကိစ္စ လို့တော့ ပြောတယ်ဟု ပြောသည်။

ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးသည့် အပေါ် စိတ်ပူစိုးရိမ်နေကြသည်။

ဇန္နဝါရီလ ၆ ရက်နေ့ ညကလည်း ပုလောမြို့ပေါ်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး တိုက်ခိုက်ခံရပြီး နောက် စစ်ကောင်စီတပ်က အရပ်သား ၁၅ ဦးထက် မနည်းကို ဖမ်းဆီးခဲ့သေးကြောင်း မြို့ခံများက ပြောသည်။

အဖမ်းဆီးခံရသူများ အနက် အမျိုးသမီး သုံးဦးသာ ပြန်လွတ်လာသေးကြောင်းနှင့် စစ်ကောင်စီ တပ်သားများက ညတိုင်းနီးပါး သေနတ်များဖြင့် ပစ်ဖောက်နေကြသည်။