စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်။

ထားဝယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းသို့ အင်အား ဖြည့်တင်းလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ သည်ဟု ရွာသားများက ပြောသည်။

ရေနက်ဆိပ်ကမ်း အနောက်ဘက် ပင်လယ်ပြင်တွင် ရပ်ထားသည့် ရေတပ်သင်္ဘောမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် လက်နက်ခဲယမ်းများကို လှေငယ်များဖြင့် ဇန္နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများကို ဆိပ်ကမ်း၌ စုပုံထားရှိကာ အခြေစိုက်စခန်းသို့ သယ်ဆောင်ရန် ကားစောင့်နေစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ခိုက်မှုကို ဗထူးတပ်မတော် – BHA နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၆) တပ်ရင်း ၂၇ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။

ဗထူးတပ်မတော် – BHA ၏ ပြန်ကြားရေးတာဝန်ရှိသူက လက်နက်ခဲယမ်းတွေ စုပုံထားပြီး ကားစောင့်နေတဲ့ အချိန်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ၊ ဒရုန်းဗုံးက ခဲယမ်းပုံနဲ့ ရိက္ခာပုံတွေအထဲ တည့်တည့်ကျပြီး အကုန်လုံး မီးလောင်ပေါက်ကွဲသွားတာ တွေ့ရတယ်ဟု ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ဒရုန်းနှစ်စီး အပါအဝင် လက်နက်ကြီး စိန်ပြောင်း၊ RPG အမြောက်ကျည် ဆံ၊ လက်နက်ခဲယမ်းများနှင့် ရိက္ခာများ မီးလောင်ပေါက်ကွဲသွားခဲ့သည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းအနီးရှိ ကျေးရွာများကို နယ်မြေရှင်းလင်းရန်အတွက်  စစ်ကောင်စီတပ်အင်အား နှစ်ရာခန့် ဖြည့်တင်းရောက်ရှိလာခြင်း ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်ဖြစ်သည့် နဘုလယ်ဒေသတွင် ရှိသော ကျေးရွာငါးရွာမှ ရွာသားအချို့မှာ စစ်ကောင်စီတပ်မှ အင်အားဖြည့် ရောက်ရှိလာခြင်းကြောင့် စိုးရိမ်ကြောက်ရွံ့ပြီး ရှောင်တိမ်းနေကြရသည်ဟု ရွာသားများက ပြောသည်။

ဇန္နဝါရီလ ၂၁ ရက်နေ့ကလည်း ထားဝယ်မြို့တွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ရှရှားသံအမတ်ကြီး တို့ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံရာတွင် ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ခရီးသွား လုပ်ငန်းကဏ္ဍ၊ တိုင်း အတွင်း ထင်ရှားပြီး ခရီးသွားဆွဲဆောင်မှု နေရာများဖြစ်သည့် ပင်လယ်ကမ်းခြေများနှင့် အခြား ဖွံ့ဖြိုးရေးကဏ္ဍများ အသီးသီးတို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။