ရင်းနှီးသူချင်း စကားများရာမှ လူသတ် အလောင်းဖျောက်မှု ဖြစ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။

ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိ ဖောင်းတောကြီးကျေးရွာတွင် အတူနေထိုင်ပြီး အတူသွားလာသူချင်း စကားများရာမှ  လူသတ်မှုဖြစ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည်ဟု ရွာသားများက ပြောသည်။

သတ်ဖြတ်ခြင်း ခံခဲ့ရသူမှာ ကရင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ KNU ၏ ကစယ်ဒိုမြို့နယ် ဖောင်းတော နယ်မြေတာဝန်ခံ ပဒိုကာလီလား၏ သား စောအယ်ဒါးမိုး ၂၉ နှစ်ဆိုသူဖြစ်သည်။

လူသတ်မှုကျူးလွန်သူမှာ စောအယ်ဒါးမိုးနှင့် အလွန်ရင်းနှီးသူ အသက် ၄၀ အရွယ် စောအယ်စေး ဆိုသူဖြစ်ပြီး ဇန်နဝါရီလ ၃ ရက်နေ့ ညဘက်တွင် အရက်အတူသောက်၍ ဂီတာတီးနေရင်းမှ စကားများကြပြီး စောအယ်‌စေး က စောအယ်ဒါးမိုးကို ပုဆိန်ဖြင့် ခုတ်သတ်ခဲ့ကာ အလောင်းကို အိမ်အနောက်ဘက်တွင် မြေမြုပ်ထားလိုက်ခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးက ဆိုသည်။

အလောင်းကို ပြန်လည်တွေ့ရှိပြီးနောက် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ တာဝန်ရှိသူများက လူသတ်မှုကျူးလွန်ခဲ့သည့် စောအယ်စေးကို ဖမ်းဆီးသွားခဲ့ပြီးနောက် စစ်ဆေး မေးမြန်းရာ သတ်ဖြတ်ခဲ့သည်ကို ဝန်ခံခဲ့သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက သူတို့နှစ်ယောက်က တတွဲတွဲနဲ့ တအား ခင်မင်ကြတာ။ အဲဒီနေ့မှာ နှစ်ယောက်သား အတူသောက်စားပြီး ဂစ်တာ တီးရင်း သီချင်းဆိုနေကြသေးတယ်၊ နောက်တော့ အယ်ဒါးမိုး ပျောက်လို့ ဆိုပြီး လိုက်ရှာကြတယ်၊ စောအယ်စေး ကို မေးတော့ သူမသိဘူးလို့ပဲ ပြောတယ်။ ဖမ်းပြီးစစ်တဲ့ အချိန်ကျမှ သီချင်းမဆိုတော့လို့ ပုဆိန်နဲ့ မူးပြီး ခုတ်လိုက် တယ်။ ငြီးသံထွက်နေလို့ သစ်သားတုတ်နဲ့ မသေမချင်း ထပ်ပြီး ရိုက်သတ်ခဲ့တယ်လို့ ဖြေတယ် ဟု ပြောသည်။

စောအယ်ဒါးမိုး၏ မိသားစုဝင်များကမူ အသတ်ခံသည်ကို မသိဘဲ ပျောက်ဆုံးနေသောကြောင့် နီးစပ်ရာတွင် ရှာဖွေနေခဲ့ကြ ပြီး ဇန္နဝါရီလ ၉ ရက်နေ့တွင် မြေမြုပ်ထားသည့် တွင်းကို ခွေး‌များက ဖော်ယူပြီး အလောင်းကို ဆွဲနေသည့်အချိန်မှ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဆိုသည်။

သတ်ဖြတ်ခံရသူ၏ မိသားစုဝင်များဘက်မှ မှန်ကန်သည့် တရားစီရင်မှု ရရှိနိုင်ဖို့ကိုသာ ဆန္ဒရှိနေကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း KNU ၏ လယ်ဒိုစိုး (ထားဝယ်) မြို့နယ် တရားသူကြီး စောကဲဒို၏ ဒုတိယမြောက်သားဖြစ်သူ အသက် ၂၈ နှစ်အရွယ် စောကညောဒိုစိုး သတ်ဖြတ်ခံရပြီး အလောင်း ဖျောက်ဖျက်ခြင်းခံခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စောကညောဒိုစိုး နေအိမ်မှ ထွက်သွားပြီးသည့်နောက် အလောင်းကို ၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်နေ့က ထားဝယ်အရှေ့တောဒေသရှိ ဝကုန်းကျေးရွာမှ ရေတွင်းတစ်ခုထဲ၌ တွေ့ခဲ့ရ သည်။

စောကညောဒိုစိုးကို ကော်သူးလေ တပ်မတော်ဘက်က သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက စွပ်ဆွဲပြောဆိုနေကြသော်လည်း ကော်သူးလေတပ်မတော် ဆာကဆော တပ်မဘက်မှ ၎င်းတို့သတ်ဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုထားသည်။

ဓါတ်ပုံ – စောအယ်ဒါးမိုးကို သတ်ပြီး မြေမြုပ်ထားသည့်နေရာ