ညောင်ရွှေရှိ ကရင်နီ စစ်ရှောင် စခန်းများ ပိတ်သိမ်းမည်ဟု စစ်ကောင်စီ အာဏာပိုင်များပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများအား ယခု နှစ် မတ်လ အကုန်တွင် ပိတ်သိမ်းရမည်ဟု ထွေအုပ်နှင့် နီးစပ်သူများက ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ဦးစီးဌာနမှ ဇန္နဝါရီလ နောက်ဆုံးပတ်အတွင်း စစ်ဘေးရှောင်စခန်း တာဝန်ခံများအား လိုက်လံသတိပေးခဲ့ခြင်း ဖြစ်သည်။
စစ်ဘေးရှောင်စခန်းရှိ အသက် ၃၅ နှစ်အရွယ် တာဝန်ခံ အမျိုးသား တစ်ဦးက “၃ လပိုင်း ၂၅ ကနေ ၃၁ အတွင်း အကုန်ပိတ်ခိုင်းတယ်။ ဘာကြောင့်လဲတော့ ကျနော်တို့လည်း မသိရသေးဘူး။ ပိတ်ဖို့ပဲ ပြောသေးတယ်။ ညောင် ရွှေက စစ်ရှောင်တွေ အကုန်ပြန်တော့ဆိုပြီး မောင်းထုတ်တာမျိုးတော့ မဟုတ်ဘူး။ ထွေအုပ်ကပြောတာတော့ တကယ်လို့ ပြန်ခိုင်းတယ်ဆိုရင် စာထုတ်မှာပေါ့တဲ့။ အခုက စောင့်ကြည့်ရမယ့် ပုံစံမျိုးပေါ့” ဟု ပြောသည်။
ညောင်ရွှေမြို့ရှိ စစ်ဘေးရှောင်များမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ကရင်နီပြည်တွင် ဖော်ဆောင်ခဲ့သော တစ်လေးလုံး စစ်ဆင်ရေး စတင်ချိန်ကာလများ အတွင်း ကတည်းက ရောက်ရှိနေကြသည် ဖြစ်ရာ နေရာအလုပ်အကိုင် အခြေတကျဖြစ်နေကြပြီး ထပ်မံပြောင်း ရွှေ့ရမည်ကို စိုးရိမ်ပူပန်နေကြသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် အစောပိုင်း၌လည်း လွိုင်ကော်မြို့ရှိ လူမနေသည့် နေအိမ်များကို ပိတ်သိမ်းသွားမည်ဟု စစ်ကောင်စီက ကြေညာထားသဖြင့် ညောင်ရွှေမြို့ရှိ စစ်ဘေးရှောင်များအား နေရပ်ပို့ရန်အတွက် စခန်းပိတ် သိမ်းခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
ညောင်ရွှေမြို့ရောက် ကရင်နီ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “သူတို့က ခုကတည်းက ပိတ်ခိုင်းချင်နေတာ။ ခလေးတွေ စမေးပွဲ မပြီးသေးလို့ ၃ လပိုင်း အကုန်လို့ ထပ်ပြောင်းလိုက်တာ။ တကယ်က ပြန်ခိုင်းတာပါ။ စခန်း ပိတ်ပဲ ပိတ်တယ်ဆိုရင် ဆွေမရှိ၊ မျိုးမရှိတွေက ဒုက္ခရောက်တယလေ။ အိမ်ငှားဖို့က လူတိုင်းမှ မတတ်နိုင်တာ” ဟု ပြောသည်။
ညောင်ရွှေမြို့တွင် စစ်ဘေးရှောင်စခန်း ၈ ခုရှိပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ လူနေအိမ်များတွင် နေထိုင်သည့် စစ်ဘေးရှောင်များအပါအဝင် စုစုပေါင်း ၂ ထောင်ကျော်ခန့် နေထိုင်ကြသည်။
ထို့အပြင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ အပါအဝင် ရှမ်းတောင်နှင့် ကရင်နီထိစပ်ဒေသများဖြစ်သည့် ညောင်ရွှေမြို့နယ် ဧရိယာများအတွင်း စစ်ဘေးရှောင် တစ်သောင်းကျော် နေထိုင်လျက်ရှိပြီး စားနှပ်ရိက္ခာနှင့် ဆေးအကူအညီများ လိုအပ်နေကြသည်ဟု အကူအညီပေးနေသူများက ပြောသည်။