တောင်ကြီးတွင် စစ်မှုထမ်းရန် အမျိုးသမီးများအား စာရင်းကောက်ယူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။ 

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် အရွယ်ရောက်သည့် အမျိုးသမီးများအား စစ်မှုထမ်းခေါ်ယူရန် အတွက် စာရင်းများ စတင်ကောက်ယူနေပြီဟု ကျေးရွာနေပြည်သူများက ပြောသည်။

တောင်ကြီးမြို့နယ်၊ ဖာမွန်းကျော်ခေါင်ကျေးရွာတွင် ဇန္နဝါရီလ ပထမပတ်အတွင်း၌ အသက် ၁၈ နှစ်မှ ၃၀ နှစ် ကြား အရွယ်ရှိ အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် ခေါ်ယူရန်အတွက် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)နှင့် ဒေသတွင်း ပျူစောထီးများက စာရင်းလိုက်လံ ကောက်ခံနေခြင်း ဖြစ်သည်။

ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက သူတို့ ပြောပုံအရတော့ မကြောက်နဲ့ပေါ့။ အခုလော လောဆယ် အပတ်စဉ်တွေအတွက် မဟုတ်ဘူး။ စာရင်းကောက်ရုံပဲပေါ့။ ရွာမှာတော့ ကြောက်နေကြပြီ။ မိန်းကလေးတွေ အတွက်က ယောက်ကျားထက် ရှောင်ရတိမ်းရ ပိုခက်တယ်လေ ဟု ပြောသည်။

အလားတူ တောင်ကြီးမြို့ပေါ် ဖြစ်သည့် အချို့ရပ်ကွက်တွင်လည်း ဇန္နဝါရီလ ၂၈ ရက်နေ့က အမျိုးသမီးများအား စစ်မှုထမ်းခေါ်ယူရန်အတွက် စာရင်းကောက်ခံခဲ့သည်ဟု ထွေအုပ်နှင့် နီးစပ်သူများက ဆိနုသည်။

ရတနာသီရိရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ တစ်ဦးက ရတနာသီရိမှာ မနေ့က လာကောက်သွားပါ တယ်။ ပြည်တော်သာ ရပ်ကွက်လည်း ပါတယ်လို့ ကြားပါတယ်။ တခြားတော့ မသိရသေးပါဘူး။ ကျားရော မရော ကောက်တာ။ ကျားကတော့ မဆန်းဘူးလေ ကောက်နေကြပဲ။ မကတော့ စာရင်းရှိရုံ ပြောတာပဲဟု ပြောသည်။

စာရင်းကောက်ခံရာတွင် ဝန်ထမ်းများ၊ တက္ကသိုလ် တက်နေကြသူများ၊ ပြည်ပသို့ ရောက်ရှိနေသူများ စသည်ဖြင့် ကျေးရွာတွင်းရှိ သန်းခေါင်စာရင်းဝင် အမျိုးသမီးအားလုံး ပါဝင်သည်ဟု ဆိုကြသည်။

ရှမ်းပြည် တောင်ပိုင်းတွင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနှောင်းပိုင်းက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အမျိုးသမီးအား စစ်မှုထမ်းခေါ်ယူရန် ပထမဆုံး စာရင်းကောက်ခံခဲ့ပြီး ယခု တောင်ကြီးမြို့နယ် ကိုပါ ထပ်မံကောက်ခံလာခြင်း ဖြစ်သည်။

တောင်ကြီးမြို့နယ်တွင် ဇန္နဝါရီလ တတိယပတ်အတွင်း Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက စစ်မှုထမ်း မည်လော၊ ဌာနဆိုင်ရာ တာဝန်များကို ဆက်လက် ထမ်းဆောင်မည်လောဟု ဆိုကာ ရွေးချယ်ခိုင်းခဲ့ပြီး စစ်မှုထမ်း ရန် စာရင်းပေးသူများကို စစ်ကောင်စီက ရာထူး အဆောင်အယောင် ပေးအပ်သွားမည်ဟု ဌာနဆိုင်ရာနှင့် နီးစပ်သူများ ကြားတွင် ပြောဆိုနေကြသည်။

တောင်ကြီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ခေါ်ယူမှု သာမက စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA ၏ တပ်သားသစ် စုဆောင်းရေးကိုပါ စိုးရိမ်ကြောက်လန့်နေကြရသဖြင့် ဒေသတွင်း လူငယ်အများစုမှာ ပြည်ပနိုင်ငံနှင့် လွတ်မြောက် နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။