ရှမ်း-ကရင်နီ နယ်စပ် နွေဦးမရောက်မီ ရေရှား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ၂၀၂၅ ခုနှစ် အစောပိုင်းအတွင်း ရေရှားပါးမှု ပြဿနာ စတင်ကြုံတွေ့နေရပြီဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများ က ပြော သည်။
ယခု ဆောင်းရာသီနှောင်းပိုင်း ကတည်းက သိုလှောင်ထားသည့်ရေများ ကုန်ခမ်းသွားသဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ သောက်/သုံးရေများကို ဝယ်ယူသုံးစွဲနေရခြင်း ဖြစ်သည်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “နွေရာသီတောင် မရောက်သေးဘူး။ တစ်လပိုင်းပဲ ရှိသေးတယ်၊ ရေက ကုန်လာပြီ။ ခါတိုင်းနှစ် ဒီချိန်ဆို ရေကအများကြီး ကျန်သေးတယ်။ ၄ လပိုင်းလောက်မှ ရေရှားကြတာ။ ဒီအတိုင်းဆို ရေလည်း အလှူရှင်လိုနေပြီလို့ ပြောရမယ်” ဟု ပြောသည်။
လက်ရှိ တစ်ကြိမ်လျှင် ရေဂါလံ ၂၅၀၀ ကျော်ကို ၂ သောင်းကျပ်ဝန်းကျင်နှုန်းဖြင့် ဝယ်ယူနေရပြီး အချို့ရက်များ၌ ရေဝယ်ယူလို့မနိုင်သည့် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ဒေသခံနှင့် စစ်ဘေးရှောင်များမှာ ရေကို ချွေတာ သုံးစွဲနေကြရသည်။
အဆိုပါ သောက်/သုံးရေများအား မိုးရာသီအတွင်း ရေလှောင်ကန်ကြီးများထဲ၌ သိုလှောင်ထားသည့် ဒေသခံများ ထံမှ လတ်တလော လိုအပ်သူများက ပိုက်ဖြင့်သွယ်၍ ဝယ်ယူသုံးစွဲနေရပြီး အချိန် ကြာလာသည့်နှင့်အမျှ ငွေကြေးထိခိုက်မှု ရှိလာသည်ဟု ဆိုကြသည်။
အသက် ၄၀ အရွယ် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “တခါတလေ ချိုးဖို့ရေတောင် မရှိဘူး။ အလှူရှင် ရှိတဲ့ရက်တော့ ဝယ်ရတာ သက်သာတယ်။ ဝယ်သုံးရတာက များပါတယ်။ ရေလုံးလုံး ပြတ်သွားတဲ့ စခန်းတွေ ဆိုရင် အလှူရှင်တွေက ကားတွေနဲ့ လိုက်ဖြည့်ပေးတယ်။ အလှုရှင် မရှိရင် ကိုယ့်ကိုယ်သွားသယ်ပြီး ဝယ်ရတယ်။ ဆန်နဲ့ ရေဆိုရင် လောလောဆယ် ရေပဲ လိုတယ်” ဟု ပြောသည်။
ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ ကျေးရွာများရှိ စစ်ဘေးရှောင် စခန်းများနှင့် လူနေအိမ်များ တည်ဆောက်ရာ တွင် ရေသိုလှောင်ကန်ကို ပထမဦးစွာ တည်ဆောက်ရပြီး မိုးရာသီ ၄ လတွင်း ရွာသွန်းထားသည့် မိုးရေများအား လက်ကျန် ၈ လအတွင်း သုံးစွဲရန်အတွက် ရေများ သိုလှောင်ထားရခြင်း ဖြစ်သည်။
သို့ဖြစ်၍ အလှူများ အနေဖြင့် ရေလှောင်ကန်တည်ဆောက်ရန်အတွက် သွပ်၊ မိုးကာ၊ သစ်သား၊ ဝါးလုံးနှင့် ရေပိုက်များ လှူဒါန်းရန် လိုအပ်လျက်ရှိပြီး ရေများသယ်ယူရန်အတွက် နေ့စဉ်နှင့်အမျှ စက်သုံးဆီ ပြဿနာလည်း ကြုံတွေ့နေကြရသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ဆိုသည်။