ဒီးမော့ဆိုမြို့နယ်တွင် ညပိုင်း ဖြတ်သန်းသွားလာခွင့်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။ 

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထား သည်ဟု မြို့နယ်အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ဒီးမော့ဆိုမြို့နယ်တွင်းရှိ ဒေသခံများ၊ စစ်ဘေးရှောင်များနှင့် စစ်ရေးလှုပ်ရှားနေသည့် သက် ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူများ အားလုံး လိုက်နာရမည်ဟု ဆိုသည်။

ဒီးမော့ဆိုမြို့နယ်တွင်း စစ်ရေးလှုပ်ရှားနေသည့် မြေပြင်အရင်းအမြစ် တစ်ဦးက စကစ စစ်ကြောင်းထိုးလို့ ပိတ်ထားတာပါ။ နည်းနည်းလေး အခြေနေငြိမ်ပြီ၊ စိတ်ချရပြီဆိုရင် ကျနော်တို့လည်း ပြန်ဖွင့်ပေးမှာပါ။ ရုတ် ရုတ်ဆို ပိတ်လိုက်၊ ငြိမ်ရင် ဖွင့်ပေါ့။ အရင်ကတည်းက ကရင်နီမှာ ဒီလိုပါပဲဟု ပြောသည်။

ကန့်သတ်ချိန်တွင်း သွားလာသူများအား နယ်မြေတာဝန်ကျ တပ်ရင်းတပ်ဖွဲ့ဝင်များမှ တင်းကြပ်စွာ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ပြီး မထီမဲ့မြင်ပြုသူများကိုလည်း ကြီးလေးသော ပြစ်ဒဏ်များဖြင့် အရေးယူသွားမည်ဟု ဇန္နဝါရီ လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ကန့်သတ်ချိန်တွင်း သွားလာသည့် ယာဉ်များကိုလည်း ဒဏ်ငွေအားဖြင့် ဆိုင်ကယ် ကျပ် ၅ သောင်း၊ ကား ကျပ်တစ်သိန်း နှုန်းထားများဖြင့် ကောက်ခံသွားမည်ဟု ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ်တွင်း နေထိုင်သည့် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ဟိုရက်က ကျမတို့ အိမ်ပေါ်ကျော်ပြီး လက်နက်ကြီးကျတာ အသံအကျယ်ကြီးပဲလေ။ အခုပိတ်ထားတော့လည်း ကောင်းတာပဲလေ။ မပိတ်ရင်လည်း ခုတလောက ဘယ်သူမှ မထွက်ရဲပါဘူး။ ညတိုင်းလက်နက်ကြီး ပစ်နေတာ ဟု ပြောသည်။

အရေးပေါ် ကိစ္စရပ်များ ပေါ်ပေါက်လာပါက မဖြစ်မနေ သက်ဆိုင်ရာကို အကြောင်းကြားပြီးမှသာ သွားလာရ မည်ဟု ဆိုသည်။

၂၀၂၅ ခုနှစ် အစောပိုင်းအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီးနောက် ဇန္နဝါရီလ ၂၈ ရက်နေ့တွင် လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်စခန်း အနီးတစ်ဝိုက်၊ ရွာပြင်လယ်ကွင်းနှင့် တောင်ပေါ်နေရာတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု စစ်ရှောင်များက ဆိုသည်။

ထို့အပြင် ဇန္နဝါရီလ ၂၇ ရက်နေ့၌လည်း ဒီးမော့ဆိုမြို့နယ်အနီး၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် လက်နက်ကြီး ကျရောက်မှုကြောင့် အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သေးသည်။

အဆိုပါ အကြောင်းအရာများအပါအဝင် ယခုလဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများ၊ စစ်ကြောင်းထိုးဝင်ရောက်လာမှုများကြောင့် ဒီးမော့ဆိုမြို့နယ်တွင်း ညဘက် ဖြတ်သန်းခွင့် ကန့်သတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က ညဘက်ချိန်တွင် လက်နက်ကြီး မကြာခဏ ပစ်ခတ်လေ့ရှိသဖြင့် ဗုံးခိုကျင်းများ တူးထားကြ ရန် သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တာဝန်ခံများက မှာကြားထားသည်။