တောင်ကြီးတွင် သောက်သုံးရေ အခက်ကြုံ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။ 

ရှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့တွင် လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုကြောင့် သောက်/သုံးရေ အခက်အခဲ များ ဖြစ်နေသည်ဟု မြို့နေပြည်သူများက ပြောသည်။

တောင်ကြီးမြို့တွင် ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ တစ်ရက်လျှင် လျှပ်စစ်မီး ၂ နာရီခန့်သာ ရရှိသောကြောင့် အဝီစိတွင်းမှ ရေစုပ်ထုတ်ရန်အတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိပြီး ရေတွင်းပိုင်ဆိုင်သူများကပါ သောက်/သုံး ရေကို ဝယ်သုံးနေရခြင်း ဖြစ်သည်။

ကျောင်းကြီးစုရပ်ကွက်တွင်း နေထိုင်သည့် ရေတွင်းပိုင်ရှင် တစ်ဦးက မီးလာတဲ့ အချိန်က သန်းခေါင်ကျော် ဆို တော့ ဘာထလုပ်ရတော့မလဲ။ လာတဲ့ချိန်လည်း မီးအားမပြည့်တော့ ရေတင်လို့ မရဘူး။ မီးအားမပြည့်ပဲ ရေ တင်ရင် မော်တာလောင်လို့ ရေဝယ်သုံးနေတာကြာပြီ ဟု ပြောသည်။

တောင်ကြီးမြို့တွင်း မီးပေးဝေသည့်အချိန်များ၌ မီးအား ၁၀၀ အောက်သာရှိပြီး မီးအားမြင့်စက်ဖြင့်လည်း ဆွဲတင် ၍ မရခြင်း၊ အချို့ရက်များတွင် မီးပေးဝေသည့်အချိန် တစ်နာရီပင် မပြည့်ခြင်း၊ ရံဖန်ရံခါ မီးအားရုတ်တရက် တက်လာခြင်း စသည့် အကြောင်းအရာများကြောင့် ရေတင်မော်တာများ မကြာခဏ လောင်ကျွမ်းလျက် ရှိသည်ဟု ရေတွင်းပိုင်ရှင်များက ပြောသည်။

အလားတူ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် သောက်ရေသန့် ကုမ္ပဏီများကလည်း လာပို့သည့် အကြိမ်ရေများ လျော့နည်းလာပြီး မြို့နေပြည်သူများအတွက် သောက်ရေ အခက်အခဲ ဖြစ်လာသည်ဟု ဆိုကြသည်။

တောင်ကြီးမြို့တွင်း နေ့စဉ်ရက်ဆက် လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည့် အိမ်ရှင်မ တစ်ဦးကလည်း လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် လျှပ်စစ်ပစ္စည်းများ မကြာခဏ ပျက်စီးလေ့ရှိပြီး အထွေထွေ ကုန်ကျစရိတ် များ မြင့်တက်လာသည်ဟု ပြောသည်။

မီးမလာတော့ ရေကားဝယ်ရတာ တစ်ခါတစ်ခါ ၃ သောင်းလောက် ကုန်တယ်။ လာရင်လည်း မီးအား မပြည့် တော့ မီးသီးတွေ ခဏခဏကျွမ်းလို့ လဲရတာ။ ထမင်းအိုးတွေဆိုလည်း မီးကဘယ်ချိန်လာမယ်မှန်း မသိတော့ တန်းလန်းနဲ့ထားခဲ့။ မီးကရုတ်တရက်လာတော့ ထမင်းလည်းပျက်၊ အိုးလည်းပျက်ပဲ။

တောင်ကြီးမြို့တွင် သောက်/သုံးရေအား အစိုးရမှ အများပြည်သူ အသုံးပြုနိုင်သည့် ရေဖြန့်ဝေရေးစနစ် မရှိ သဖြင့် တစ်ပိုင်တစ်နိုင် အဝီစိတွင်းများနှင့် ထော်လဂျီများဖြင့် ဖြန့်ဖြူးသည့် ရေကားများကို ဝယ်ယူသုံးစွဲနေရ ခြင်း ဖြစ်သည်။

သို့ဖြစ်၍ ရေကားတစ်စီး၏ ကုန်ကျစရိတ်မှာ နေရာအကွာအဝေးပေါ်မူတည်၍ အနည်းဆုံး ၃ သောင်းကျပ်မှ တစ်သိန်းကျပ်အထိ ဝယ်ယူရပြီး အိမ်နီးချင်း ပိုက်ဖြင့်သွယ်၍ ဝယ်ယူသူများမှာ တစ်နာရီ ၆ ထောင်ခန့် ပေး ဝယ်ရသည်ဟု အိမ်ရှင်မများက ဆိုကြသည်။

တောင်ကြီးမြို့တွင်း လျှပ်စီးမီးပေးဝေမှု မလောက်ငှသော်လည်း စစ်ကောင်စီ တပ်ဝင်းများနှင့် Non-CDM ရာထူးကြီးပိုင်း ဝန်ထမ်းအိမ်ယာများတွင် လျှပ်စစ်မီး ၂၄ နာရီ ပုံမှန်ရှိနေပြီး စစ်ကောင်စီ အကြီးအကဲများ လာရောက်သည့် ရက်များတွင်လည်း မြို့လုံးကျွတ် ၂၄ နာရီ မီးပေးဝေလေ့ရှိသည်ဟု မြို့ခံများက ဆိုသည်။

တောင်ကြီးမြို့တွင်း လျှပ်စစ်မီးပေးဝေမှုမှာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီဌာနမှ တိုက်ရိုက်ကိုင်တွယ်ခြင်း မရှိဘဲ လင်းသီဟကုမ္ပဏီအား လွှဲအပ်ထားခြင်း ဖြစ်သည်။

စစ်ကောင်စီ အစိုးရသည် ၂၀၂၄ ခုနှစ် စတင်ဘာလမှ စတင်၍ မီတာခ ၂ ဆတိုးမြင့် ကောက်ခံလျက်ရှိရာ တောင်ကြီးမြို့တွင်လည်း လင်းသီဟကုမ္ပဏီ၏ မီတာဖတ်နှုန်း မတိကျမှုကြောင့် မြို့ခံနှင့် ဝန်ထမ်းများအကြား မကြာခဏ ပြဿနာများ ဖြစ်ပွားလေ့ ရှိသည်။