အင်းလေးတောင်ပိုင်း ရေပူကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။ 

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ပိုင်းရှိ ရေပူကျေးရွာကို စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဒေသတွင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်း တာဝန်ခံများက ပြောသည်။

စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်များမှ ရှမ်းတောင်နှင့် ကရင်နီအစပ်ရှိ ဖယ်ခုံမြို့နယ် အင်းအနောက်ဖက်ကမ်း၊ နန်းတောင်းနှင့် မိုးဦးကျေးရွာတို့တွင် တပ်စွဲ၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ရေပူကျေးရွာအနီး စစ်ရေးလှုပ်ရှားနေသည့် မြေပြင်အရင်းအမြစ် တစ်ဦးက သူတို့တော့ ရမ်းပစ်တာပေါ့လေ။ ဘယ်သူမှ မရှိတော့မှန်း သိနေတာပဲ။ သူတို့ လုပ်တဲ့ ရည်ရွယ်ချက်က ဒီရွာမှာ တော်လှန်ရေးအဖွဲ့ ရှိရှိ မရှိရှိ အရင် ပစ်ထည့်လိုက်တယ်။ ရှိတယ်ဆိုရင် သူတို့ ရည်ရွယ်ချက် ပြည့်ပြီ။ အကယ်၍ ရဲဘော်တွေ မထိဘူး၊ အရပ် သားထိတယ် ဆိုရင်လည်း အရပ်သားကို ကူရတာနဲ့တင် တော်လှန်ရေးတပ်တွေက အလုပ်ရှုပ်မယ်။ စစ်ရေး နှောင့်နှေးမယ်ပေါ့ဟု သုံးသပ်သည်။

စစ်ကောင်စီပူးပေါင်းတပ်များမှ ဇန္နဝါရီလ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် လက်နက်ကြီး ၂၂ လုံးအထိ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာအတွင်း၌ လက်နက်ကြီး ၃ လုံးပေါက်ကွဲကာ လူနေအိမ်တစ်လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ရေပူကျေးရွာမှ ပြည်သူများသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလနှောင်းပိုင်းမှ စတင်၍ စစ်ကောင်စီတပ်၏ ထိုးစစ်များကြောင့်  တိမ်းရှောင်နေရပြီး ရေပူကျေးရွာအား လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်လာနိုင်သေးသဖြင့် ၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလအထိ နေရပ် မပြန်ကြသေးရန် တော်လှန်ရေး အင်အားစု တပ်ရင်းတပ်ဖွဲ့ဝင်များက မှာကြားထားသည်ဟု ဆိုသည်။

အဝေးရောက် စစ်ဘေးရှောင် တစ်ဦးက ရွာမှာတော့ ဘာမှမကျန်တော့ပါဘူး။ မွေးထားတဲ့ တိရစ္ဆာန်တွေလည်း သူတို့ ရိုက်စားလို့ ကုန်ပြီ။ ပြန်လာရင်လည်း လူသစ်စုတာတွေ ဖြစ်လာမှာပဲ။ ဒီလထဲတင် သူတို့ ပစ်တာတွေ မနည်းပါဘူး ဟု ပြောသည်။

အလားတူ ဇန္နဝါရီလ ၂၅ ရက်နေ့ကလည်း ရေပူကျေးရွာအား စစ်ကောင်စီ ပူးပေါင်းတပ်များမှ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရဖူးသည်။

၂၀၂၅ ခုနှစ် ဇန္နဝါရီလအတွင်း ရေပူကျေးရွာအား စစ်ကောင်စီပူးပေါင်းတပ်များမှ လက်နက်ကြီး ၃ ရက်တာ ပစ်ခတ်ခဲ့ရာတွင် လူနေအိမ် ၃ လုံး ပျက်စီးမှု အပါအဝင် စစ်ဘေးရှောင် ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၁၄ ဦး ပြင်းအထိ ပြင်းထန်ဒဏ်ရာ ရရှိပြီး ဖြစ်သည်ဟု ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် နယ်မြေစိုးမိုးနိုင်ရေးတွက် ၂၀၂၅ ခုနှစ် အစောပိုင်းအတွင်း ရှမ်းတောင် နယ်စပ်တစ်ကြောမှတဆင့် ကရင်နီပြည်အား ထိုးစစ်ဆင်လျက်ရှိရာ နေ့စဉ်နှင့်အမျှ လက်နက်ကြီးအပြင် လေကြောင်းမှ ပစ်ခတ်လျက်ရှိနေသည်။