ကော့သောင်းမှ ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။ 

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်းက ပျူစောထီးခေါင်းဆောင် တစ်ဦး အသတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စတင်းကျေးရွာအနီးတွင် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပျူစောထီးခေါင်းဆောင်ဖြစ်သူ အသက် ၅၀ အရွယ် ဦးမြင့်ဆွေ ဆိုင်ကယ်စီးနင်းလာစဥ် ချမ်းဖန်းကျေးရွာနှင့် ဟတ်စတင်းကျေးရွာအကြားတွင် ဇန္နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက သူ့ကို ရွာက ခေါင်းဖြူလို့ အခေါ်များတယ်၊ ပျူစောထီး ခေါင်း ဆောင်ဖြစ်ပြီး ရာအိမ်မှူးလည်း လုပ်တယ်၊ စကစ အားကိုးနဲ့ လက်နက်ကိုင်ဆောင်ပြီး ရပ်ထဲရွာထဲမှာ ထင်တိုင်း ကြဲနေတာ။ အလောင်းကိုတော့ ကော့သောင်း ဆေးရုံကို သယ်သွားတယ် ဟု ပြောသည်။

ဦးမြင့်ဆွေအား ပစ်ခတ်ရှင်းလင်းခဲ့မှုကို ဇန္နဝါရီလ ၂၉ ရက်နေ့က ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

သေဆုံးသူ ဦးမြင့်ဆွေသည် စစ်ကောင်စီတပ် အားကိုးဖြင့် ကျေးရွာသားများ အပေါ် နိုင်ထက်စီးနင်း လုပ်နေခြင်း၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များအား စုံစမ်းထောက်လှမ်းပြီး သတင်းများပေးပို့နေခြင်းနှင့် စစ်မှုထမ်း ဥပဒေ အတွက် လူသစ်စုဆောင်းခြင်းတို့ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း ရွာသားများက ဆိုသည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ ဦးမြင့်ဆွေထံသို့ ထိုလုပ်ရပ်များ မပြုလုပ်ရန် သတိပေးစာများ ပေးပို့ခဲ့သော်လည်း ဂရုမစိုက်ဘဲ PDF များအား အမြဲစိန်ခေါ်လျက်ရှိနေသည်ဟု ဆိုကြသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ နှင့် ပျူစောထီးများ အားလုံး အနေဖြင့် အချိန် မနှောင်းခင် ပြည်သူ့ဘက် ရပ်တည်ပြီး ပြည်သူနှင့်အတူ ပူးပေါင်း ကြပါရန်  ထုတ်ပြန်ချက်အတွင်း ဖေါ်ပြထားသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ပြည်သူ့ဘက် ရပ်တည်မှု မရှိသည့် မည်သူ့ကိုမဆို လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း အသိပေးထားသည်။