ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်းတစ်ဦး၏ ဇနီးအား ထောင်အာဏာပိုင်များက ထိကပါးရိကပါး ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

စစ်ကိုင်းတိုင်း အနောက်ပိုင်း၊ ကလေးမြို့ရှိ အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား တစ်ဦး၏ ဇနီးဖြစ်သူ အား ထောင်အာဏာပိုင်များက ထိကပါးရိကပါး ပြောဆိုခဲ့သည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။

ကလေးအကျဉ်းထောင်ရှိ ထောင်ပိုင် အောင်မိုးဟိန်းနှင့် တစ်ပွင့် လုံခြုံရေး တာဝန်ခံ ဟန်ဝင်းအောင်တို့က နိုင်ကျဉ်းတစ်ဦး၏ ဇနီးဖြစ်သူအား ၎င်းတို့နှင့်အတူ ညအိပ်တူတူနေထိုင်ရန် စော်ကားပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) ရုံးတာဝန်ခံ ဖြစ်သူ မလင်းက ဒါကပထမဆုံး မဟုတ်ဘူးပေါ့နော်၊ အရင်အခေါက်တွေမှာလည်း အဲ့လိုမျိုး ရှိဖူးတယ်ပေါ့နော်။ အခု ဒါကကျ ထောင်ပိုင်ကိုယ်တိုင်က ဒီလို ကျူးလွန်တယ်ပေါ့နော်။ ဒါက ထုတ်ဖော်ပြောရဲတဲ့သူလည်း ရှိလို့ပေါ့နော် သိရ တာ။ တကယ်တမ်းကျတော့ သူတို့ရဲ့ တစ်ပွင့်ဆိုလို့ရှိရင်လည်း တခြားကောင်မလေးတွေကိုပေါ့နော်၊ အမျိုး သမီးတွေကို ထိကပါး ရိကပါး ပြောတာတွေ ရှိပါတယ် ဟု ပြောသည်။

ကလေးအကျဉ်းထောင်၌ လက်ရှိ ဖြစ်စဉ်အပြင် လိင်ပိုင်းဆိုင်ရာ ပြောဆိုစော်ကားမှုများ ၄ မှုထက်မနည်း နိုင်ကျဉ်း မိသားစုဝင်များအား ထောင်အာဏာပိုင်များမှ ကျူးလွန်ခဲ့ပြီး အချိန်နှင့် နေ့ရက်အား တိတိကျကျ ထုတ်ပြောရန် အခက်အခဲရှိသည်ဟု ထောင်ဝင်စာလစဉ် တွေ့နေသူများက ဆိုကြသည်။

ထောင်အာဏာပိုင် အောင်မိုးဟိန်းနှင့် ဟန်ဝင်းအောင်တို့မှာ နိုင်ကျဉ်းများ သာမက အခြား ရာဇဝတ်သားများ၏ မိသားစုဝင်များကိုလည်း လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခြင်း၊ ငွေညှစ်ခြင်းများ ကျူးလွန်လျက်ရှိသည်ဟု (PPNM) ရုံးတာဝန်ခံ ဖြစ်သူ မလင်းက ဆက်ပြောသည်။

တခြားဝန်ထမ်းထဲက ဆိုလို့ရှိရင်လည်း အကျဉ်းသားတွေရဲ့ ဇနီးတွေ၊ မိသားစုဝင်တွေဆီကို ဆက်သွယ်တယ်။ ဆက်သွယ်ပြီးလို့ရှိရင် မိန်းကလေးတွေဘက်ကို ဦးတည်တယ်။ ထောင်ကျနေတဲ့ သူတို့ယောကျားတွေကို ဟို ဟာ၊ ဒီဟာ လုပ်ပေးလို့ရတယ်၊ အဲ့လိုမျိုး ပြောပြီးလို့ရှိရင် ထောင်ထဲရောက်နေတဲ့ သူတွေအတွက် စဉ်းစားပေး နော်၊ ဒီမှာငါတို့အတွက် ပိုက်ဆံ ဘယ်လောက်ပေးပေါ့နော်။ သင်တန်းသွားမှာ၊ ခရီးစရိတ်ပေး၊ ဖုန်းဝယ်ပေးပေါ့ နော် နာရီလိုချင်တယ်ဘာညာ အဲ့လိုလည်းတောင်းတယ်။ တကယ်ကို အရှက်သိက္ခာမရှိဘူးလို့လည်း အထဲက ပြောတာတွေ ကြားရပါတယ်။” 

ကလေးအကျဉ်းထောင်တွင် ဇန္နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့၌ လွတ်လာသည့် နိုင်ကျဉ်းအချို့ ရှိသော် လည်း ထောင်အာဏာပိုင်များမှ လဝကဦးစီးဌာနသို့ လွှဲချပြီး လမ်းကြောင်း မတည်ငြိမ်သေးဟု ဆိုကာ ပြန်လည်ချုပ်နှောင်ထားသည်။

အဆိုပါ နိုင်ကျဉ်းများမှာလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည် ဖြစ်ရာ ကျူးလွန်ခံရမှုများအား လက်ရှိ ဖြစ်စဉ်နှင့်အတူ PPNM မှ မှတ်တမ်းတင်ထားပြီး စောင့်ကြည့်သွားမည်ဟု ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ကလေးအကျဉ်းထောင်မှာ လွတ်မြောက်လာတဲ့ သူတွေကို ပြန်လည် ဖမ်းဆီးတဲ့ဖြစ်စဉ်ကို ၂၀၂၃ အကုန် ၂၀၂၄ မှာ ရှိခဲ့ဖူးတယ်။ ဒါကတော့ ကလေး‌ထောင်မှာ ဖိနှိပ်မှုအပြင် ဖြစ်ခဲ့တဲ့ကိစ္စရပ်‌တွေ ဖြစ်ပါတယ်ဗျ။ ဒီလို လုပ်ရပ် တွေဟာ အင်မတန်ကိုမှ ယုတ်ပြီးကြမ်းတမ်းတဲ့ စိတ်ဓာတ်အောက်တန်းကျတဲ့ ကိစ္စရပ်တွေ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့အဖွဲ့အနေနဲ့ ရှုတ်ချတယ်။ နာမည်နဲ့တကွ ထပ်ပြီးတော့ ကျူးလွန်ရင်လည်း ထပ်ပြီးတော့ ထုတ်ပြန် သွားမှာ ဖြစ်တယ်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့၌လည်း ကလေးအကျဉ်းထောင်၌ ဆူပူမှုဖြစ်သည်ဟု ဆိုကာ အကျဉ်း သား ၂၈ ဦးအား ခြေကျင်းဝတ်ခတ်၍ ၆၄၃ ရက်ကြာသည်အထိ တိုက်ပိတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လပိုင်းခန့်မှ ပြန်လည် လွတ်မြောက်လာကြသည်။