တနင်္သာရီတိုင်း ရွှေဂူတံတား ဂိတ်စခန်း တိုက်ခိုက်ခံရ၊ တပ်သား ၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။
တနင်္သာရီတိုင်း ထားဝယ် – သရက်ချောင်း ကားလမ်းပေါ်ရှိ ရွှေဂူတံတား စစ်ကောင်စီ ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး လေးဦး အရှင်ဖမ်းမိခဲ့ သည်ဟု ဒူရက စစ်ကြောင်းမှ တာဝန်ရှိသူက ပြောသည်။
ထားဝယ်မြို့နှင့် ငါးမိုင်ခန့်အကွာတွင် ရှိသည့် ရွှေဂူတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း ပါဝင်ခဲ့သူ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက “တပ်ကြပ်အဆင့် သုံးယောက်နဲ့ ပျူစောထီး တစ်ယောက် အားလုံး လေးယောက် ဖမ်းမိတယ်၊ စခန်းအထဲက လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း သိမ်းဆည်းရမိပါ တယ်” ဟု ပြောသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဇန္နဝါရီလ ၂၉ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီအချိန်တွင် နှစ်ဘက်ကြား ပစ်ခတ်သံများ ငြိမ်သက် သွားပြီး ဂိတ်စခန်းကို အပြီးသိမ်းဆည်းနိုင်ခဲ့ကြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရာခံဗိုလ်တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး လေးဦးကို အရှင် ဖမ်းမိထားကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်တွင် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း တိုက်ခိုက်ရာ၌ ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တိုက်ပွဲကို ဓဝယ် အမျိုးသား လွတ်မြောက်ရေး တပ်တော်၊ ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဖယ်ဒရယ် ဓူဝံကြယ် ဒရုန်းတပ်ဖွဲ့နှင့် ဒေါင်းညီနောင် စစ်ကြောင်းတို့ ပူးပေါင်းထားသည့် ဒူရကစစ်ကြောင်းမှ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်းမှ ငါးကြင်းမြီး စက်လက်တစ်လက်၊ သေနတ် ၉ လက်၊ ၆၀ မမ စိန်ပြောင်းတစ်လက်၊ နင်းမိုင်း ၄လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ လိပ်ခုံမိုင်း ၅ လုံး၊ ဖုန်း ၈လုံးနှင့် အခြား စစ်အသုံးအဆောင် ပစ္စည်း အများအပြားကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဘက်မှ စစ်ဆေးမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်နေကြသည်။
စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ဂိတ်စခန်းကုန်း အတွင်းရှိ ဘန်ကာ အဆောက်အအုံများကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်များမှ မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွား ခဲ့ကြသည်။
စခန်းသိမ်းပိုက်ခံရချိန် ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်ကိုလည်း စစ်ကောင်စီက ပိတ်ချလိုက်ပြီးနောက် ဇန္နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ် – မြိတ်ကားလမ်း ပြန်လည်ဖွင့်ပေးခဲ့သည်ဟု ခရီးသည် တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။
ဇန္နဝါရီလ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ဖြင့် ရွှေဂူတံတားစစ်ဆေးရေး ဂိတ်စခန်းနှင့် အနီးနားရှိ တောင်ပေါ်ကို ပြန်လည်ရောက်ရှိပြီး နေရာယူထားသည်ဟု ရွာသားများက ဆိုသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ရွှေဂူတံတားဂိတ်စခန်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ကတည်းက စပြီး လမ်းသွားလမ်းလာ ခရီးသည်များကို အစစ်အဆေး တင်းကြပ်ပြီး ငွေကြေးတောင်းခံရာတွင် နာမည်ကြီးသည့် ဂိတ်စခန်းတစ်ခုဖြစ်သည်ဟု ဆိုကြသည်။