တောင်ကြီးတွင် ပြည်သူ့စစ်အဖွဲ့များ၏ လူထုကိုအနိုင်ကျင့်မှုများအား ရဲများက လစ်လျှူရှု
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။
ရှမ်းပြည်၏မြို့တော်၊ တောင်ကြီးတွင် ပြည်သူ့စစ်အဖွဲ့များ၏ မင်းမဲ့စရိုက်ဆန်ဆန် ပြုမှုနေမှုများအား ရဲတပ်ဖွဲ့က မျက်ကွယ်ပြုထားသည်ဟု မြို့နေပြည်သူများက ပြောသည်။
တောင်ကြီးမြို့တွင် ၂၀၂၅ ခုနှစ် အစောပိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ မင်းမဲ့စရိုက် ဆန်ဆန် ဆူပူသောင်းကျန်းလျက်ရှိသည်ဟု မြို့နေပြည်သူများက ပြောသည်။
တောင်ကြီးမြို့၊ မင်းကျောင်းအနီး၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်တွင် လူငယ်အမျိုးသား ၂ ဦး မောင်းနှင် လာသည့် ကားတစ်စီးအား ဆိုင်ကယ်တစ်စီးမှ ကျော်တက်ပြီးနောက် သေနတ်ဖြင့် ကားမှန်ရိုက်ခွဲကာ မိုက်ကြေး ခွဲ စိန်ခေါ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
မျက်မြင်တွေ့ရှိသူ တစ်ဦးက “မိုးပေါ်သေနတ်ထောင်ဖောက်ပြီး ပအိုဝ်းလိုတွေ ဆဲသွားတယ်။ ဝေါ်ကီတော်ကီ လည်း ပါတယ်။ သေချာပေါက် ပြည်သူ့စစ် ရာထူးကြီးပိုင်းကပါ” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇန္နဝါရီလ ၂၉ ရက်နေ့ နေ့လည် ၁၂ ဝန်းကျင်အချိန်ခန့်၌ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အား တိုင်ကြား ထားသော်လည်း အရေးယူမှု မရှိသေးဟု နီးစပ်သူများက ဆိုသည်။
အလားတူ ဇန္နဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီကလည်း တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ မီးသွေးတန်း အနီးတွင် အသက် ၂၇ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသား တစ်ဦးအား ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့သေးသည်ဟု နီးစပ်သူများက ဆိုသည်။
နီးစပ်သူ အမျိုးသား တစ်ဦးက “ဟိုဖက်က ပြန်ပေးဆွဲပြီး သိန်း ၂၀ တောင်းတာ။ သူတို့က မပြေလည်လို့ အသိရဲ တွေကို ခေါ်သွားတော့ ပြည်သူ့စစ်တွေနဲ့ အချင်းချင်း အသိတွေဆိုပြီး ကြေအေးခိုင်းလိုက်တာ။ မိသားစုဖက်က အမှုဖွင့်ချင်တာ ရဲက ဖွင့်မပေးဘူးလို့ ကြားတယ်” ဟု ပြောသည်။
တောင်ကြီးမြို့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း နောက်ပိုင်းကစ၍ ရှမ်းမြောက် အခြေစိုက် ပြည်သူ့စစ်များ လာရောက် နေထိုင်လျက်ရှိသည့် အပြင် ယခင်ရှိနှင့်ပြီးသား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) နှင့် ဒေသတွင်း ပျူစောထီးတို့မှလည်း စစ်ရေးလှုပ်ရှားလျက်ရှိပြီး မြို့လည်ခေါင်နှင့် မြို့ဝင်ပေါက်နေရာများတွင် စစ်ကောင်စီက လုံခြုံရေးတာဝန် ပေးအပ်ထားသည်ဟု မြို့ခံများက ပြောသည်။
သို့ဖြစ်၍ လက်ရှိ ဖြစ်စဉ်များအား မည်သည့် ပြည်သူ့စစ်အဖွဲ့မှ ကျူးလွန်သည်ကို သတင်းမီဒီယာနှင့် ကွန်ရက် သတင်းဌာနမှ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။
တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက် အခြေစိုက် ပျူစောထီးခေါင်းဆောင်နှင့် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ဦးဆောင် သည့် ပျူစောထီးအဖွဲ့မှလည်း အမျိုးသမီး စစ်မှုထမ်းအတွက် လူစာရင်းနေ့စဉ် ကောက်ယူလျက်ရှိသည်ဟု ဆိုကြသည်။