စစ်မှုထမ်း ဥပဒေဖြင့် အဓမ္မ ရှေ့တန်းပို့ခံရသူ လေးဦးကို ရှမ်းတောင် ကာကွယ်ရေး တပ်က ကယ်ဆယ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။
စစ်မှုထမ်း အမိန့်ဖြင့် အတင်းအဓမ္မ ရှေ့တန်း ပို့ခံရသူလေးဦးအား ရှမ်းတောင် ကာကွယ်ရေးတပ်က ကယ်ဆယ်ထား သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) နှင့် အမှတ် ၁၀၀၈ တပ်ရင်း SSRY Eagle Force တို့မှ စစ်မှုထမ်းအမိန့်ဖြင့် အဓမ္မပို့ဆောင်ခံရသူများအား ကူညီကယ်ဆယ်ထားသည်ဟု တပ်ရင်း တာဝန်ရှိ သူများက ပြောသည်။
၎င်းတို့မှာ စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဉ် ၅၊ ၆ တို့မှ သင်တန်းဆင်းလာကြသူများ ဖြစ်ပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် တပ်သား ၄ ဦးကို ကူညီကယ်ဆယ်ထားနိုင်သည်ဟု မြေပြင်တပ်ဖွဲ့ဝင်များ၏ စာရင်းများအရ သိရသည်။
SSRY မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “သူတို့ အကြောင်းကြားလို့ သွားကယ်တာပါ။ သူတို့ အားလုံးက ရဲ၊ ထွေအုပ်နဲ့ အုပ်ကြီးတွေ အတင်းဖမ်းပြီး စစ်မှုထမ်းပို့လိုက်တာပါ။ လက်ရှိ လုံလုံခြုံခြုံ ရှိနေပါတယ်” ဟု ပြော သည်။
လက်ရှိ ကယ်ဆယ်ထားသူ ၄ ဦးမှာ အသက် ၂၂ နှစ်နှင့် ၂၈ နှစ်ဝန်းကျင်ကြား အရွယ်များဖြစ်ပြီး မိုးဗြဲမြို့ အခြေ စိုက် ခမရ – ၄၄၂ တပ်ရင်းတွင် စစ်ကောင်စီက တာဝန်ချထားသည့် ခမရ – ၅၀၈ တပ်သားများ ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့အား ကူညီကယ်ဆယ်ပြီးနောက် မြေပြင်တပ်ဖွဲ့ဝင်များမှ လုံခြုံရေးအတွက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ CDM ဌာနသို့ ပို့ဆောင်ပေးထားသည်။
SSRY မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “အလင်းဝင်လာသူတွေကို ကျနော်တို့ ရဲဘော်တွေ နေထိုင် စားသောက်ရသလို သူတို့လည်း စားသောက်ရပါတယ်။ သူတို့ လက်နက်ခဲယမ်း ပါလာတာတွေ မူတည်ပြီးတော့ ဆုချီးမြင့်တာ ရှိသလို သူတို့ ဖြစ်တာတွေ လုပ်ချင်တာတွေလည်း အတတ်နိုင်ဆုံး လိုက်လျောပေးပါတယ်” ဟု ဆက်ပြောသည်။
SSRY တွင် လက်ရှိကယ်ဆယ်ထားသည့် ၄ ဦးအပြင် စစ်သုံ့ပန်းနှင့် စစ်အာဏာ မသိမ်းမီ ကတည်းက စစ်ကောင်စီတပ်သို့ ဝင်ရောက်သွားသူများထဲမှလည်း အလင်းဝင်ရောက်လာသူ ၅ ဦးခန့် ရှိသေးသည်ဟု ဆိုသည်။
SSRY နှင့် SSLRU တို့သည် ယခင်က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ တပ်ရင်းများ ဖြစ်သော်လည်း လက်ရှိတွင် ပထဝီနိုင်ငံရေးအရ ရှမ်းပြည်တောင်ပိုင်း ကိုယ်စားပြု ရပ်တည်ရန်အတွက် ပြည်ထောင်စု အဆင့်မှ နှုတ်ထွက်ထားသည်ဟုလည်း ကြေညာထားသည်။