ရဲနှင့် စစ်ကောင်စီတပ်တို့ လွိုင်ကော်တွင် ပစ်ခတ်မှုဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးလွင် ဦးဆောင်သည့် ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်များအကြား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု တပ်တွင်း သတင်းအရင်းအမြစ်များက ပြောသည်။
လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်၊ သစ်တပင် တောင်ခြေရှိ ဂျမ်ဘာ၊ CCTV နှင့် ဒရုန်းများ တပ်ဆင်ထားသည့် နေရာ၌ စစ်ကောင်စီ သတင်းပေးများ၏ သတင်းပေးမှုအရ ဝင်ရောက်ရှာဖွေရာတွင် အချင်းချင်း နားလည်မှုလွဲ၍ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တပ်တွင်း သတင်းအရင်းအမြစ် တစ်ဦးက “သေနတ်တွေဖောက်ပြီး လူဝင်ရှာနေတာ။ မီးထိုးကြည့်လိုက်တော့ အထက်နဲ့အောက် ဖြစ်နေတာ။ အချင်းချင်းဆိုတော့ ပြန်ငြိမ်သွားတယ်။ ဟိုဖက်ကတော့ ပြန်မပစ်ရဲဘူး” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး တောင်ပေါ်တွင် ဂျမ်ဘာများ ဖွင့်ထားသဖြင့် အချင်းချင်း အဆက်အသွယ်မရဘဲ နားလည်မှုလွဲ၍ ပစ်ခတ်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ပစ်ခတ်မှုအတွင်း ထိခိုက်သေဆုံးမှုများအား မသိရသေးသော်လည်း သေနတ်သံများကြောင့် စစ်ကောင်စီ တပ် ထဲမှ တပ်သားအချို့မှာ လက်နက်များစုပုံ၍ မြေတွင်ဝပ်နေကြသည်ဟု မျက်မြင်တွေ့သူများ၏ ပြောပြချက်အရ သိရသည်။
တပ်တွင်း သတင်းအရင်းအမြစ် တစ်ဦးက “လွိုင်ကော်မှာက အုပ်ချုပ်ရေးက ပုံစံ ၂ မျိုးလို ဖြစ်နေတယ်။ ဝန်ကြီးချုပ်နောက် လိုက်တဲ့သူက တစ်ဖွဲ့၊ တပ်က သူစီမံနေတာက တစ်ဖွဲ့။ တပ်တွေကလည်း တစ်လ တစ်လ ၁၀ ခါမက ပြောင်းနေတာ အချင်းချင်း နားလည် မှု ဘယ်ရှိတော့မလဲ” ဟု ဆက်ပြောသည်။
လတ်တလော မြေပြင်အခြေအနေအရ လောဓမ္မ၊ ကြည်သာယာ၊ နမ့်ဘော်ဝမ် ရပ်ကွက်များအတွင်း စစ်ကား၊ ရဲကားများဖြင့် စစ်ကောင်စီတပ်က အပူတပြင်း ရှာဖွေလျက်ရှိပြီး သေနတ်သံ အနည်းငယ် ကြားရသည်ဟု မြေပြင်သတင်းပေးများက ပြောသည်။
စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်ထားသော်လည်း မြေပြင်တွင်မူ ထိုကဲ့သို့ မဟုတ်ဘဲ အစိုးရဌာနဆိုင်ရာ ရုံးနေရာအချို့နှင့် မြို့ပေါ် ရပ်ကွက်များကိုသာ ထိန်းချုပ်ထားနိုင်သေး သည်ဟု မြေပြင်စစ်ရေး အရင်းအမြစ်များက ဆိုသည်။