ဥယျာဉ်ခြံသို့ သွားသော အမျိုးသမီး မိုင်းနင်းမိပြီး ခြေတစ်ဘက် ပြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့တွင် ဥယျာဥ်ခြံထဲသို့သွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဘက် ပြတ်တောက်သွားခဲ့သည်ဟု မြို့ခံများကပြောသည်။
ထားဝယ် – ထီးခီးလမ်းမပေါ်ရှိ မေတ္တာမြို့အထွက် တံတားအနီးတွင် အသက် ၆၀ အရွယ် ကရင်တိုင်းရင်းသူ နော်ဂျူးနီးထာ ဆိုသူ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မြေမြုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်ပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။
ခြံရှင်းရန်သွားလာသည့် အချိန် စစ်တပ်ဗျူဟာကုန်း တောင်ခြေအနီးတွင် မိုင်းနင်းမိခဲ့ခြင်း ဖြစ်ပြီး မိုင်းထိသည့် နေရာ အနီးဝန်းကျင်တွင် မိုင်းများက ဗလပွဖြစ်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ယခု မြေမြုပ်မိုင်း နင်းမိသည့် နေရာမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးသည့် နေရာတစ်ခုလည်း ဖြစ်သည်။
တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးသည့် နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ အခြေစိုက်ထားသည့် မေတ္တာမြို့ ဗျူဟာကုန်း အနီးတစ်ဝိုက်တွင် မိုင်းများထောင်ထားခဲ့ပြီး နော်ဂျူးနီးထာ နင်းမိခဲ့သည့် မိုင်းလည်း အပါအဝင် ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
မေတ္တာမြို့တွင် နှစ်ကုန်ပိုင်းမှစပြီး မြို့အတွင်း ပြန်လာနေထိုင်ကြရန် စစ်ကောင်စီ၏ ဗျူဟာကုန်းမှ ခေါ်ယူနေပြီး လက်ရှိတွင် လူအနည်းစုသာ မြို့ထဲ၌ ပြန်လည်နေထိုင်ကြသည်။
အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “သူတို့က လူတွေပြန်လာနေဖို့ပြောတယ်၊ မိုင်းတွေကိုလည်း ပြန် ဖေါ် မပေးထားဘူး၊ ပြန်နေရင်လည်း သွားလာဖို့က လိုသေးတယ်၊ အန္တရာယ်များတယ် သွားမနေရဲသေးဘူး” ဟု ပြောသည်။
မိုင်းများရှိခြင်းနေသောကြောင့် ဥယျာဥ်ခြံများဘက်ကို မသွားလာကြဖို့ကို စစ်ကောင်စီဘက်မှ သတိပေးမှုများ ရှိသည်ဟု ရွာသားများက ပြောသည်။
အလားတူ ယခုနှစ် ဇန္နဝါရီလ ၂၂ ရက်နေ့ကလည်း ထားဝယ်မြို့နယ် ဝကုန်းကျေးရွာမှ ဥယျာဥ်ခြံထဲတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်ခဲ့သေးသည်။
ဝကုန်းကျေးရွာတွင် နင်းမိခဲ့သည့်မိုင်းမှာ ကရင်အမျိုးသား အစည်းအရုံး KNU ဘက်က ထောင်ထားသည့် မိုင်း ဖြစ်ကြောင်း ရွာသားများက ပြောသည်။
တနင်္သာရီတိုင်း အတွင်းရှိ စစ်ကောင်စီတပ် အခြေစိုက်သည့် စခန်းများနှင့် ဂိတ်များအနီးရှိ နေရာများတွင် မြေမြုပ်မိုင်း အများအပြား ထောင်ထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။