စစ်ကောင်စီက မြိတ်မြို့တွင် ဘေးတွဲဆိုင်ကယ် မစီးရ အမိန့်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။
မြိတ်မြို့ပေါ်တွင် အဓိကလမ်းမများတွင် ဘေးတွဲဆိုင်ကယ် မောင်းခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ပြီး လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေ သည်ဟု မြို့ခံများက ပြောသည်။
မြိတ်မြို့အတွင်း စစ်ကောင်စီက ဇန္နဝါရီ လကုန်ပိုင်းမှ စတင်ပြီး လုံခြုံရေး တင်းကြပ်ထားကာ ဘေးတွဲဆိုင်ကယ် မောင်နှင်ခွင့်ကိုပါ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် စက်ဝင်းရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦးက “အခုက ဖမ်းဆီးတာ ကြမ်းတယ်ဗျ၊ ခမောက်နဲ့ရိုက်တယ် ကြင်စက်နဲ့တို့ပြီး ဖမ်းတယ်။ လူမဆန်ဘူးဗျာ၊ အရင် တုန်းက ယာဥ်ထိန်းရဲလောက်ပဲ ဖမ်း တာတွေ့ရတယ်၊ အခုက ဖမ်းတဲ့အထဲမှာ မဆိုင်တဲ့လူတွေပါ လူအစုံပဲ တွေ့ရ တယ်၊ ပျူစောထီးတွေက ရိုက်နှက် ဖမ်းတာမှာ အဆိုးဆုံးပဲ၊ ဖမ်းဆီးတဲ့နေရာ အနီးဝန်းကျင်က စျေးဆိုင်တွေ၊ အလုပ်ရုံတွေ အလုပ်မလုပ်ရတော့ ဘူးဗျာ နေ့တိုင်းလိုလိုပဲ” ဟု ပြောသည်။
မြိတ်မြို့အတွင်းရှိ ဇန္နဝါရီလ ၂၉ ရက်နေ့က စတင်၍ လမ်းပိုင်းနေရာသုံးခုတွင် ဘေးတွဲမောင်းနှင်ခွင့် ကန့်သတ် ကြောင်းကြေညာသည့် ဗီနိုင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် စည်ပင်ဝန်ထမ်းများက လိုက်လံကပ်ထားကြောင်း မြို့ခံများက ဆိုသည်။
ဘေးတွဲဆိုင်ကယ်များ မောင်းနှင်ခွင့်ကို ဂေါက်ကွင်းမီးပွိုင့်မှ ကန်ဖျားလမ်းမကြီးတစ်လျှောက် နာရီစင်လမ်းဆုံ အထိ၊ ပိတောက်ပင်လမ်းဆုံ အရာရှိရိပ်သာလမ်းမှ ဗိုလ်ချုပ်ကြေးရုပ်အထိ၊ ကန်ဖျားမီးပွိုင့်မှ မြေနီလမ်းဆုံ မီးပွိုင့် အထိ ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ဇန္နဝါရီလ ၃၁ ရက်နေ့မှ စတင်၍ လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်။
ကန့်သတ်ထားသည့် လမ်းများတွင် ဆိုင်ကယ်စီးနင်းခွင့် ပြုထားသေးသော်လည်း အမျိုးသားနှစ်ဦး အတူ စီးနင်း ခွင့်ကိုမူ ပိတ်ပင် တားမြစ်ထားသည်။
မြိတ်မြို့၏ လမ်းဆုံလမ်းခွနေရာများ ဖြစ်သည့် မြို့သစ်လမ်းဆုံ၊ ကမ်းနားလမ်းရှိ ကဏန်းရုပ်လမ်းဆုံ၊ တပ်ပြင် လမ်းဆုံ၊ ရေပုန်းလမ်းဆုံ၊ နတ်စင်လမ်း၊ စပါးရွှေဝါလမ်း၊ တောရကျောင်းလမ်းဆုံနှင့် အဝေးပြေး ကားကွင်းသစ် အနီးလမ်းဆုံ စသည့် လမ်းဆုံနေရာများတွင် နေ့စဉ် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ စစ်ဆေးဖမ်းဆီးနေ ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
ဆိုင်ကယ်ဖမ်းဆီးရာတွင် ယာဥ်ထိန်းရဲ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများ စုစုပေါင်း ၁၅ ဦး ဝန်းကျင်ခန့် ပါဝင်သော်လည်း အများစုမှာ ပျူစောထီးများဖြစ်ကြသည်။
ယခင်က မြို့၏ လမ်းဆုံလမ်းခွ နေရာသုံးခုတွင်သာ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း၌ အလှည့်ကျ ဖမ်းလေ့ ရှိသော် လည်း ယခုအခါတွင် ညအချိန် သွားလာနေသည့် ဆိုင်ကယ်များကိုပါ ဖမ်းဆီးစစ်ဆေးနေပြီး ဖမ်းမိပါက ဆိုင်ကယ် အမျိုးအစား အပေါ်မူတည်၍ အနိမ့်ဆုံး ကျပ် သုံးသောင်းမှ ကျပ်တစ်သိန်းခွဲ အထိ တောင်းယူနေ ကြောင်း မြို့နေပြည်သူများက ဆိုသည်။
နံနက်ပိုင်းမှ ညပိုင်းအချိန်ထိ ဖမ်းဆီးသည့် နေရာများသောကြောင့် သွားလာကြသူ အများစုမှာ ကွေ့ပတ် ရှောင်တိမ်း၍ မောင်းနှင်နေကြရကြောင်း မြို့ခံများက ပြောသည်။
ယာဥ်ထိန်းရဲနှင့် စစ်ကောင်စီတပ်သားများ ပါဝင်သည့် ဖမ်းဆီးရေး အဖွဲ့များက ဘေးတွဲဆိုင်ကယ်များ အပြင် အမျိုးသား နှစ်ဦးစီးသည့် ဆိုင်ကယ်၊ ဆိုင်ကယ်ဦးထုပ်၊ ဆိုင်ကယ်နံပါတ်ပြားနှင့် ယာဥ်မောင်းလိုင်စင်များကို အဓိကထား စစ်ဆေးနေသည်ဟု ဆိုသည်။
မြိတ်မြို့အပြင် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်သည့် ထားဝယ်မြို့ပေါ်တွင်လည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နှစ်ကုန် ပိုင်းကစ၍ စစ်ဆေးဖမ်းဆီးမှုများ ပိုများလာသည်ဟု မြို့ခံများက ဆိုသည်။