အင်းလေးတွင် စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အို အပါအဝင် ၂ ဦးသေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု ကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရှိခဲ့သည်ဟု ဒေသတွင်း လေ့လာစောင့်ကြည့်သည့် အဖွဲ့ အစည်း တာဝန်ခံများက ပြောသည်။
စစ်ကောင်စီတပ်က အင်းလေးဒေသ၊ ရေပူဘုရားတောင် ကျေးရွာအုပ်စု၊ ဘုရားတောင်လွယ်နွဲ့ကျေးရွာထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “ဒီမနက် တိုက်ပွဲမရှိပါဘူး။ သူတို့စပစ်လာတာပါ။ တစ်ရက်ကို လက်နက်ကြီး ၁၅ ကြိမ်လောက်ပစ်ပါတယ်။ တော်တော်များများက ရှောင်ကြပါတယ်။ မရှောင်တဲ့ သူ တချို့က တောထဲမှာ ကျန်ခဲ့တယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ပစ်ခတ်မှု၌ ဘုရားတောင်လွယ်နွဲ့ကျေးရွာ တွင်း နေထိုင်သည့် အသက် ၇၄ နှစ်အရွယ် ဦးပြား သေဆုံးခဲ့ပြီး သမီးဖြစ်သူ ၂ ဦးမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
၎င်း၏ သမီး ၂ ဦး ဖြစ်သည့် အသက် ၄၈ နှစ်အရွယ် ဒေါ်မီးပုံ့နှင့် အသက် ၂၇ နှစ်အရွယ် ဒေါ်မေသူဆွေတို့ မှာ လက်ရှိ အနည်းငယ် စိုးရိမ်နေရပြီး ကာလအတန်ကြာသည်အထိ ဆေးကုသမှု ခံယူရဦးမည်ဟု နီးစပ်သူများက ပြောသည်။
အင်းလေးဒေသခံတစ်ဦးက “လောလောဆယ်တော့ ရွာထဲမှာ တပ်စွဲတာ၊ စစ်မှုထမ်းခေါ်တာ၊ ပေါ်တာဆွဲတာ မရှိသေးပါဘူး။ လက်နက်ကြီးပဲ ကြောက်ရတာပါ။ အရင်ကတော့ ရိက္ခာပို့ရတာ ရှိဖူးပါတယ်” ဟု ဆက် ပြောသည်။
အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ (ယနေ့)၊ နံနက် ၈ နာရီခွဲ ဝန်းကျင်အချိန်ခန့်တွင်လည်း ကျေးရွာတွင်းရှိ စစ်ဘေးရှောင် စခန်းကုန်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့သေးသည်။
အဆိုပါ ပစ်ခတ်မှု၌လည်း အသက် ၄၄ နှစ်အရွယ် စစ်ဘေးရှောင် ကိုဖိုးဝ သေဆုံးခဲ့ပြီး အသက် ၅၇ နှစ် ဒေါ်ငဲသီ အပါအဝင် ကျော်စွာဝင်း၊ ကိုသားပု၊ ကိုလွမ်းမိုးတို့ ၃ ဦးမှာလည်း ထိခိုက်မှုများ ရှိခဲ့သည်။
သေဆုံးသူနှင့် ထိခိုက်သူ ၄ ဦးမှာ လွိုင်ကော်မြို့၊ မှုံပြာရပ်ကွက်မှ တိန်းရှောင်လာကြသူများ ဖြစ်ပြီး စခန်းတွင် နေထိုင်သည်မှာ ၂ နှစ်ဝန်းကျင်ခန့် ရှိပြီဟု ဆိုကြသည်။
မြေပြင်အရင်းအမြစ်တစ်ဦးက “ရွာကတော့ အင်းအရှေ့ဖက်ခြမ်း စံကားနဲ့ ဖယ်ခုံကြားမှာ ရှိတာ။ အခု မိုးဗြဲ ဖက်လည်း ကြမ်းနေတော့ အင်းထဲဖက်ကို ဒီရက်ပိုင်း ရမ်းပစ်ဖို့များတယ်။ အရင်ထက် ပိုသတိထားစေချင် တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန္နဝါရီလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အင်းလေးဒေသနှင့် ပင်လောင်းနယ်စပ် ကျေးရွာများတွင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သေးသည်။